ဖိလစ်ပိုင်သမ္မတဟောင်း အက်စထရာဒါ မနီလာမြို့တော်ဝန် ဖြစ်ချင်ကြောင်း ပြောကြား
လွန်ခဲ့သော ၁၁ နှစ်က စစ်တပ် အာဏာသိမ်းမှုဖြင့် ရာထူးဖြုတ်ချခံခဲ့ရသော
ဖိလစ်ပိုင်သမ္မတဟောင်း ဂျိုးဇက်အက်စထရာဒါက မိမိသည် မြို့တော် မနီလာ၏
မြို့တော်ဝန် ဖြစ်လိုကြောင်း ဧပြီလ ၁၉ ရက်တွင် ပြောကြား ခဲ့သည်။ 
ဧပြီလ ၁၈ ရက်နေ့က မနီလာမြိုတော် အရှေ့ပိုင်း ကွီဇုန်မြို့တွင် ထောက်ခံသူများကို လက်ဆောင်များ ဝေငှနေသည့် အက်စ်ထရာဒါ
၂၀၁၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဘင်နစ်နိုအကွီနိုကို ရှုံးနိမ့်ခဲ့ပြီးသော်လည်း ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသော အက်စထရာဒါအပေါ် လူကြိုက်များမှု မြင့်မားနေဆဲ ဖြစ်သည်။ မြို့တော်ဝန် ရွေးကောက်ပွဲဝင်ရန် စဉ်းစားနေကြောင်း၊ ပြိုင်ရန်အတွက် အခွင့်အလမ်း ၅၀- ၅၀ ရှိကြောင်း အက်စထရာဒါက ၎င်း၏ ၇၅ နှစ် ပြည့်မွေးနေ့အင်တာဗျူးတွင် ပြော ကြားခဲ့သည်။
မိမိသည် ကျန်းမာနေဆဲဖြစ်ပြီး တာဝန် ထမ်းဆောင်နိုင်ဆဲဖြစ်ကြောင်း၊ မိမိသည် မြို့တော်ဝန်အဖြစ် စတင်ခဲ့ပြီး မြို့တော်ဝန်တစ်ဦးအဖြစ်လည်း အဆုံးသတ်ဖွယ်ရှိကြောင်း အက်စထရာဒါက ပြောကြားခဲ့သည်။ နင်းပြား တို့၏ဘ၀ကို ကိုယ်စားပြုသည့် နေရာမှနေ၍ သရုပ်ဆောင်ခဲ့ရာ လူကြိုက် များခဲ့ပြီးနောက် အက်စထရာသည် ယင်းကျော်ကြားမှုကို အသုံးချကာ နိုင်ငံရေး လောကထဲသို့ ၀င်ရောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် မနီလာမြို့တော်ဝန် ဖြစ်ခဲ့သည်။
ယင်းနောက် အထက်လွှတ်တော်ဥက္ကဋ္ဌ၊ ယင်းမှတစ်ဆင့် ဒုတိယသမ္မတ ဖြစ်လာခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံရသည်။ သို့သော် ခြောက်နှစ်သက်တမ်းရှိ သမ္မတသက် တမ်းကိုထမ်းဆောင်နေစဉ် သက်တမ်းဝက်ခန့်တွင် ခြစားမှုအရှုပ်တော်ပုံကြီး ပေါ်ပေါက်ခဲ့ပြီး သွေးမြေမကျသော လူထုတော်လှန်ရေးဖြစ်ပွားခဲ့ကာ စစ်တပ်အာဏာသိမ်းခြင်းခံခဲ့ရသည်။
၎င်းကို ခြောက်နှစ်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး အကျယ်ချုပ်ဖြင့်ထားရှိခဲ့ကာ ၂၀၀၇ ခုနှစ်တွင် ခြစားမှုစွဲချက်ဖြင့် စီရင်ချက်ချခံရသည်။ သို့သော် ၎င်းနေရာ ဆက်ခံခဲ့သော သမ္မတဟောင်း ဂလိုရီယာအာရိုယိုက ချက်ချင်းပင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။
အက်စထရာဒါသည် ၂၀၁၀ ပြည့်နှစ်၊ သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ သမ္မတလောင်း ကိုးဦးအနက် ဒုတိယနေရာကို အံ့သြဖွယ် ရရှိခဲ့သဖြင့် ၎င်းအပေါ် ထောက်ခံမှု ရှိနေဆဲဖြစ်ကြောင်း ပြသခဲ့ခြင်း ဖြစ်သည်။
Ref: AFP
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။