Sunday, April 29, 2012

ဖားကန့် - အင်းတော်ကြီးလမ်း ပိတ်ပင်

အင်းတော်ကြီးအိုင်မှ စက်လှေဆိပ်(ဓါတ်ပုံ-Google Images)
ရန်ကုန်၊ ဧပြီ ၂၇
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းများ ထွက်ရှိရာ ဒေသသို့ အဓိက ဝင်ထွက် သွားလာရေး လမ်းကြောင်း တစ်ခု ဖြစ်သော ဖားကန့် - အင်းတော်ကြီး ကားလမ်းမကြီးကို အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲများကြောင့် ပိတ်ပင်ထားကြောင်း ဧပြီ ၂ရ ရက်နေ့တွင် ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့ အကြား အင်တော်ကြီး ဒေသ တုံပင်ကျေးရွာ အနီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီတွင် ကေအိုင်အေဘက်မှ အထက်ပါလမ်းကို သွားလာခွင့် မပြုတော့ခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

"မနေ့ည ဝှေ့ခါ အောက်နားမှာ တိုက်ပွဲတွေ ဖြစ်ကြတယ်။ သေနတ်သံတွေ ကြားရတယ်" ဟု ဝှေ့ခါ ကျေးရွာ အုပ်စု မှော်သစ်ကုန်း မှော်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ဖားကန့် - အင်းတော်ကြီးလမ်းကို ပိတ်ပင်လိုက်ပြီ ဖြစ်သော်လည်း ဖားကန့် မြို့နယ်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း မရှိပေ။ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖားကန့် ဒေသသို့ ဝင်ထွက် သွားလာသည့် လမ်းကြောင်းများကို ကေအိုင်အေဘက်မှ ပိတ်ပင်လိုက်သည့်အခါ ဆန်တစ်အိတ် ဈေးနှုန်း (၁၆ပြည်) မှာ ရ သောင်းထိပင် မြင့်တက်ခဲ့ဖူးသည်။

"လမ်းပိတ်တာက ခဏပဲ ဖြစ်မယ် ထင်တယ်" ဟု မိုးညှင်းမြို့နယ် ဘီလူးကျေးရွာမှ ဖားကန့်သို့ သွားရန် အတွက် စောင့်နေသူ အမျိုးသား တစ်ဦးက ဆိုသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က ကေအိုင်အေနှင့် ရွှေလီမြို့တွင် ၃ ကြိမ် တွေ့ဆုံပြီးသော်လည်း သဘောတူညီမှု မရရှိသည့်အတွက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ကုန်းပိတ်ဒေသ တစ်ခု ဖြစ်နေသော ဖားကန့် မြို့သည် အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တို့ ထိန်းချုပ်နယ်မြေ ဆက်စပ် နေသည့်အတွက် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ အများစု လုပ်ငန်းခွင်များကို ရပ်နားထားကြကြောင်း ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များက တူညီစွာ ပြောဆိုကြသည်။
The Voice Weekly

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။