Sunday, April 29, 2012

 နိုင်ငံ ၁၁ နိုင်ငံရှိ အစိုးရဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကူးစက်ခြင်း မဟုတ်သော ရောဂါများဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်

73012
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသတွင်း ဆွေးနွေးပွဲကို တွေ့ရစဉ်
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ အစိုးရဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် စိတ်ကျန်းမာရေးနှင့် အာရုံကြောရောဂါများ အပါအ၀င် ကူးစက်ခြင်း မဟုတ်သည့် ရောဂါများနှင့် သက်ဆိုင်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့
အရှေ့တောင်အာရှ ဒေသတွင်း ဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်မှ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ယင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီး ဌာနနှင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ အပါအ၀င် ဘင်္ဂလားဒေ့ရှ်၊  ဘူတန်၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မောလ်ဒိုက်၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနှင့် တီမောလက်စတီ နိုင်ငံများရှိ အစိုးရဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်း အသီးသီးမှ ပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ စုစုပေါင်းဦးရေ ၁၂၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကူးစက်ခြင်း မဟုတ်သည့် ရောဂါများနှင့် ပတ်သက်သည့် ကုလသမဂ္ဂ အဆင့်မြင့် ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ အပေါ် အရေးယူဆောင်ရွက်ချက် များကို နောက်ဆက်တွဲ လိုက်လံ စောင့်ကြည့်သည့် အနေဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အဖွဲ့ဝင်  ၁၁ နိုင်ငံမှ ကျန်းမာရေးနှင့် ပတ်သက်၍ ကျွမ်းကျင်သူများ၊မူဝါဒရေးဆွဲသူများ နှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများ အားလုံး၏ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ဆွေးနွေးပွဲတွင် ပဏာမကျန်းမာရေး စောင့်ရှောက်မှု စနစ်အတွင်း စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ ကာကွယ် စောင့်ရှောက်ခြင်း၊ အရက်သောက်သုံးခြင်းများ၏ အန္တရာယ် လျှော့ချရေးများ အပါအ၀င် ကူးစက်ခြင်း မဟုတ်သည့် ရောဂါကာကွယ်ရေးများ နှင့် ပတ်သက်၍ အဓိကဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကူးစက်ခြင်း မဟုတ်သည့် ရောဂါများသည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသတွင်းရှိ လူအများကို သေဆုံးစေသည့် အဓိက အကြောင်းအရင်းများ ဖြစ်ကြောင်း ဆွေးနွေးပွဲ၌ ပြောကြားချက်များ အရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။