Sunday, April 29, 2012

 အမရပူရမြို့နယ်ရှိ တောင်သမန်အင်း ကန်ပတ်လမ်းကို မြေသားအဆင့်မှ ကတ္တရာလမ်း အဆင့်မြှင့်တင် ခင်းကျင်းခြင်းလုပ်ငန်းများ စတင်


မန္တလေးမြို့ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကန်ပတ်လမ်း အားမြေသားအဆင့်မှ ကတ္တရာလမ်း အဆင့်မြှင့်တင် ခင်းကျင်းခြင်းလုပ်ငန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီလမ်း၊ တံတားဌာနမှ ဧပြီလ ၅ ရက်နေ့က စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ သည်။

''အခုလို ကတ္တရာအဆင့်မြှင့်တင် ခင်းကျင်းတာက တောင်သမန် အင်းကိုလာတဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေနဲ့ ပြည်တွင်းခရီးသွား ဧည့်သည်တွေ သွားလာရလွယ်ကူအောင်လိုပါ။ ကတ္တရာလမ်းကို တောင်မင်းကြီးဘုရားလမ်းဆုံကနေ ပုထိုးတော်ကြီးဘုရားအထိ ခင်း ကျင်းသွားမှာပါ။ အဲဒီအတွက် လမ်း ဖြတ်သန်းခကောက်ဖို့ အစီအစဉ်မရှိ ပါဘူး''ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခု စတင်ခင်းကျင်းနေသော လမ်းမှာ အရှည် ၆၀၅၀ ပေရှိပြီး လမ်းအကျယ် ၁၈ ပေရှိမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ တောင်သမန်အင်းသို့ လာရောက် အပန်းဖြေသူများအနေဖြင့် အမရပူရမြို့ထဲမှပတ်ကာ တောင်သမန်အင်းသို့ လာရောက်ရခြင်းဖြစ်ပြီး တောင် သမန်းအင်း ကန်ပတ်လမ်းခင်းကျင်းပြီးပါက အမရပူရမြို့ထဲလမ်းမှ သွားစရာမလိုဘဲ တောင်သမန်အင်းသို့ တိုက်ရိုက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
''ဒီလမ်းကို ခင်းသင့်တာ ကြာပါပြီ။ ဦးပိန်တံတားနဲ့ တောင်သမန် အင်းကိုလာတဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအတွက် မညီညာတဲ့ မြေသားချိုင့်ခွက်လမ်းတွေကြောင့် နွေရာသီမှာပဲဖြစ်ဖြစ်၊ မိုးတွင်းပဲဖြစ်ဖြစ် လမ်းက အတော်ဆိုးပါတယ်။ နောက်ပြီး တခြားသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာတွေဖြစ်တဲ့ နှစ်ရှည် မယ်ဇယ်ပင်တန်းတစ်ဝိုက် သန့်ရှင်းရေးအပါအ၀င် တခြားပြုပြင် ဆောင်ရွက်သင့်တာတွေကိုပါ လုပ်ဆောင်သင့်ပါတယ်''ဟု တောင်သမန်ကန်ကို အမှီပြု၍ နေထိုင်သော ရွာသားတစ်ဦးက ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။