Sunday, April 29, 2012

 ကျောက်ဆည်မြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးများ လန်ထွက်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်းတို့ဖြစ်ပေါ်


ကျောက်ဆည်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်တစ်ခု ပြိုလဲနေသည်ကို တွေ့ရစဉ်

ကျောက်ဆည်မြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်တို့တွင် ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးများ လန်ထွက်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

''ဒီနေ့ မနက်ပိုင်းကတည်းက မိုးကတော့ အုံ့နေခဲ့တယ်။ မွန်းတည့် ၁၂ နောက်ပိုင်းရောက်တော့ မိုးကရွာချတယ်။ ပထမတော့ဖွဲဖွဲလေးပဲ။ နောက်တော့သဲသဲမဲမဲရွာချပြီးလေပြင်း တွေပါ ပါလာတယ်။ လေပြင်းတိုက်တာ ငါးမိနစ်တောင် မကြာလိုက်ဘူး။ သစ်ပင်တွေရော၊ နေအိမ်ခေါင်မိုးတွေ ရောလန်ကုန်တယ်''ဟု ကျောက်ဆည် မြို့ခံတစ်ဦးက ပြောသည်။

မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကို မြစ်သားမြို့နယ်တွင် တွေ့ကြုံခဲ့ရသော်လည်း စဉ်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့ကဲ့သို့ ဒေသများတွင် သစ်ပင်များပြိုလဲခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။

''ကျွန်တော်ကမနက် ၁၀ နာရီလောက်က မြစ်သားမြို့ကို ရောက်တယ်။ မွန်းလွဲ ၁၂ ခွဲလောက်မှာ ကျွန်တော် လက်ဖက်ရည်ဆိုင် ထိုင်နေတုန်းက မိုးရောလေရောကျတယ်။ လေတိုက်တာ တော်တော်ကြမ်းတယ်။ ဆိုင်ရှေ့မှာရပ်ထားတဲ့ စက်ဘီးဆိုရင် လေတိုက်လို့ လဲသွားတယ်။ ဒါပေမယ့် မြစ်သားမှာ ပျက်ဆီးမှု သိပ်မတွေ့ရဘူး။ ကျွန်တော်မြစ်သားကနေပြန်တော့ လမ်းတစ်လျှောက်မှာ သစ်ပင်တွေလဲတာ၊ ဓာတ်တိုင်တွေကျိုးတာ၊ နေအိမ်ခေါင်မိုးတွေ လန်တာတွေ့လိုက်ရတော့ တော်တော်လေး အံ့သြမိတယ်''ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ လေးပြင်းတိုက်ခတ်မှုကြောင့် ကျောက်ဆည်မြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်အကြား ရန်ကုန်- မန္တလေး ကားလမ်းမကြီးတစ်လျောက်တွင် သစ်ပင်များပြိုလဲခဲ့ရာ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ လဲပြိုနေသော သစ်ပင်များနှင့် ကျိုးပဲ့နေသော သစ်ကိုင်းများ ရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရသည်။

''ကားလမ်းဘေးက သစ်ပင်တွေ တော်တော်များများလဲတယ်။ တချို့သစ်ပင်တွေဆို လဲပြီး ကားလမ်းပေါ်ပိတ်ဆို့တာတွေ ဖြစ်တယ်။ ဒါ့ကြောင့် ချက်ချင်းပဲ ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်နေရတယ်''ဟု စဥ့်ကိုင်မြို့နယ်အတွင်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဧပြီလ ၆ ရက်နေ့ကလည်း မန္တလေးမြို့တွင်အခါမဲ့မိုးနှင့် မိုးသီးများ ကြွေခဲ့ခြင်းကြောင့် သစ်ပင်ကြီးအချို့၊ သင်္ကြန်မဏ္ဍပ်အချို့နှင့် ကြော်ငြာဆိုင်းဘုတ်များ ပြိုလဲခဲ့ကြောင်း သိရှိရသည်။        

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။