Sunday, April 29, 2012

EUက ဖွံ့ဖြိုးရေးအတွက် ယူရိုသန်း(၁၅၀)ပေးမည်ဟု ကတ်သရင်း အဲရှ်တန်ပြောဆို

EUက ဖွံ့ဖြိုးရေးအတွက် ယူရိုသန်း(၁၅၀)ပေးမည်ဟု ကတ်သရင်း အဲရှ်တန်ပြောဆို



မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်ယူရို သန်း-၁၅၀ ပေးအပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍတွင် အဓိကထား အကူအညီပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂမှမူဝါဒအကြီးအကဲ ကတ်သရင်း အဲရှ်တန်က ယနေ့ ပြောကြားခဲ့သည်။

 
ဧပြီလ ၂၈ ရက် မနက် ၁၀း၃၀ နာရီတွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဥရောပသမဂ္ဂမှမူဝါဒအကြီးအကဲက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံမှာဖြစ်ပေါ်တိုးတတ်လာတဲ့အခြေအနေတွေကို  အသိအမှတ်ပြုတဲ့ သဘောနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေး အတွက် ယူရို သန်း ၁၅၀ ပေးအပ်သွားမှာ ဖြစ်ပြီး စိုက်ပျိုးရေး ကဏ္ဍတွေမှာလည်း  အဓိကထား အကူအညီပေးသွားမှာပါ။ ”ဟု ကတ်သရင်း အဲရ်ုတန်က   ပြောသည်။
ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ လာရောက်ရခြင်းမှာ ၎င်းတို့ ရုံးခန်းဖွင့်လှစ်ရန်နှင့် ပိတ်ဆို့ထားသည့် စီးပွားရေးပိတ်ဆို့မှု ဆိုင်းငံ့လိုက်သည်ကို မြန်မာနိုင်ငံက သိရှိစေရန် လာရောက်အသိပေးခြင်းဖြစ်သည်။
 “အခုလို ဆိုင်းငံ့လိုက်တဲ့အပေါ်မှာ မြန်မာအစိုးရကလည်း အာမခံပေးဖို့လိုတယ် ဒါမှလည်း မြန်မာ ပြည်သူတွေက သူတို့ရဲ့ အနာဂါတ်အတွက်ကို စိတ်ချနိုင်မယ်လို့ထင်ပါတယ်”ဟု ၄င်းမှ ဆက်လက် ပြောဆိုသည်။
ယနေ့တွင် ဒီချုပ်ရုံးခန်း၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီချုပ်အဖွဲ့ဝင်အချို့နှင့် ဥရောပသမဂ္ဂ မူဝါဒ အကြီးအကဲကတ်သရင်း အဲရှ်တန်တို့ ဦးစွာတွေ့ဆုံခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲအား မိနစ်(၄၀)ကျော် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ထွန်းနေအောင်(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။