Sunday, April 29, 2012

 HOT NEWS ဂျာနယ်ပါ လယ်/ဆည်ဝန်ကြီး ပြောကြားချက်များအတွက် ပြန်လည်တောင်းပန်ရန် ကိစ္စကို အရှိန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီသို့ တင်ပြ

မတ်လ ၂၃ ရက်နေ့ထုတ် HOT NEWS ဂျာနယ်တွင်ပါဝင်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၏ ပြောကြားချက်များအတွက် ပြန်လည်တောင်းပန်ရန် ကိစ္စကို အရှိန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီသို့ ဧပြီလ ၂၃ ရက် နေ့က စာရေးသား တင်ပြခဲ့သည်။

တင်ပြချက်အပြည့်အစုံမှာ “လယ်/ ဆည်ဝန်ကြီးက လွှတ်တော်တစ်ရပ်လုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံးကို ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်၊ အယုံအကြည် ကင်းမဲ့စေရန်နှင့် ဂုဏ်သိက္ခာ လုံးဝကျဆင်းစေရန် ပြောကြားခဲ့မှုများကြောင့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ဆောက်ခဲ့သော  ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု လွှတ်တော် နှင့်တကွ လွှတ်တော်အားလုံးကို အသရေဖျက်မှု၊ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြည်ထောင်စုဝန်ကြီး တစ်ယောက်မှ ကိုယ်နှုတ်စောင့်စည်းမှုမရှိဘဲ ပြောဆိုပြုမူမှုများအား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်နှင့် တကွ လွှတ်တော်အားလုံး၊ လွှတ်တော် ကိုယ်စားလှယ်များ အားလုံးအား နိုင်ငံတော်ပိုင်သတင်းစာ၊ ရုပ်မြင်သံကြားတို့မှ တရားဝင်ဝန်ခံ ခြင်း၊ ၀န်ချတောင်းပန်ခြင်း ပြုလုပ် ပေးရန် တောင်ဆိုပါသည်။ ထိုသို့ မပြုလုပ်ပေးပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား လေးစားလိုက်နာမှု မရှိဘဲ ဖောက်ဖျက်ခြင်း၊ စော်ကားကျူးလွန်မှုများကို တရား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါသည်။ အထက်ပါအတိုင်း ၂၃-၃-၂၀၁၂ နေ့ တွင် ကိုယ်စားလှယ်များမှ လက်မှတ် ရေးထိုး တင်သွင်းခဲ့သော်လည်း ယနေ့ အထိ မည်သို့မျှတုံ့ပြန်ခြင်း မရှိသေးသဖြင့် ဆက်လက်၍ အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိသာပါရန်နှင့် အလေးထားဆောင်ရွက်ပါရန် ပန်ကြားအပ်ပါသည်”ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက တင်ပြခဲ့ကြသည်။
HOT NEWS ဂျာနယ်တွင် ပါဝင်သည့် လယ်/ဆည်ဝန်ကြီး ဖြေကြားချက်များတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ် ၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။ သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ”ဟု ပါရှိသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက “အခုဖြစ်သွားတဲ့ အနေအထားက ဥပဒေကြောင်းအရ တစ်ခုပဲရှိတယ်။ လွှတ်တော်ထဲ မှာ အခုလိုပြောမယ်ဆိုရင် အခုထက် ပိုပြောရင်တောင် ဘာမှအရေးယူလို့ မရဘူး။ လွှတ်တော်ကိုယ်စားလှယ်ကလည်း ဘာမှမကျေမချမ်း ထဖြစ်လို့မရဘူး။ ဖြစ်ရင်လည်း ဖြစ်ရုံပဲ ရှိတယ်။ ဘာအက်ရှင်မှ ယူလို့ မရ ဘူး။ လွှတ်တော်ဥပဒေအရ လွှတ် တော်ထဲမှာ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုတာမျိုး၊ ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးကလွဲရင် လက်သီး လက်မောင်းတန်းပြီး မကျေမချမ်းလည်း ပြောလို့ရတယ်။ ကျွန်တော်တို့လည်း အခုပြောနေကြတာပဲ။ ဒီမှာ ပြောမိရင် ပြသနာမရှိဘူး။ အခုလွှတ်တော်က cover ပေးထားတဲ့ ဧရိယာ ရဲ့အပြင်မှာ သွားပြောမိတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်ဘက်က အရေးဆိုတယ်ဆိုရင် ဆိုပိုင်ခွင့်ရှိသွားတယ်”ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။