Sunday, April 29, 2012

မဟာမုနိ ဘုရားကြီးစောင်းတန်းနှင့် တိုက်တန်းများရှိ ဆိုင်ခန်းခများ မေလမှစတင်၍ သုံးဆကျော် တိုးမြှင့်ကောက်ခံမည်


မဟာမုနိ ဘုရားကြီးစောင်းတန်းနှင့် တိုက်တန်းများရှိ ဆိုင်ခန်းငှားရမ်းခ နှုန်းထားများကို လာမည့်မေလမှစတင်၍ သုံးဆကျော်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။


၂၀၁၀ ပြည့်နှစ်အတွင်းက လေးဆတိုးမြှင့်ထားသော ဆိုင်ခန်းငှားရမ်းခများကို ယခု သုံးဆကျော် ဆက်လက် တိုးမြှင့်သတ်မှတ်မှုကြောင့် ဖွင့်လှစ်ရောင်းချသူများအနေဖြင့် အဆင်မပြေမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

တိုးမြှင့်သတ်မှတ်ထားသော ဆိုင်ခန်းငှားရမ်းခများမှာ နေရာအလိုက် အနည်းဆုံးကျပ် ၆၀၀၀ မှ အများဆုံးကျပ် ၁၅၀၀၀ ဖြစ်ပြီး လက်ရှိအချိန်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆိုင်ခန်း၌ ဆပ်မီတာ အသုံးပြု တပ်ဆင်ရန်အတွက် တစ်ခန်းလျင် ငွေကျပ်တစ်သိန်းခွဲပေး သွင်းခဲ့ရကြောင်း သိရသည်။

''မီတာတပ်ဖို့နဲ့ သွယ်တန်းဖို့အတွက် ဆိုင်ခန်းတစ်ခန်းကို တစ်သိန်းခွဲ မဖြစ်မနေ သွင်းရတယ်။ ဘုရားကြီးက လျှပ်စစ်မီး မသုံးပါဘူးဆိုလည်း မရဘူး။ ကိုယ်ပိုင်မီတာ ရှိတယ်ပြောလည်း ပိုက်ဆံသွင်းရတာပဲ။ မတ်လ နောက်ဆုံးထား ပေးသွင်းခဲ့ရပြီး ခုထိ ဆောင်ရွက်ပေး တာ ဘာမှမရှိသေးပါဘူး။ ဆပ်မီတာက ကန်ထရိုက်ဆိုတော့ တစ်ယူနစ်ကို ၆၀ ကျမှာဖြစ်ပြီး သုံးသလောက် လစဉ်ပေးသွင်းရမှာ။ ခုလို ဆိုင်ခန်းခတွေလည်း သုံးဆကျော် တိုးမြှင့်သတ်မှတ်ကောက်ခံမှာမို့ အဆင်မပြေပါဘူး''ဟု အရှေ့ဘက်စောင်းတန်းတွင် ဆိုင်းခန်းဖွင့်လှစ် ထားသူတစ်ဦးက ပြောကြားခဲ့သည်။

''ကျွန်မတို့က တစ်ဆင့်ပြန်ငှားပြီး ဖွင့်တာမို့ ငှားရမ်းခ နှစ်ခါပေးရပါတယ်။ ဘုရားကြီး ဈေးဆိုင်တွေဆိုတာက တောင်ပြုန်းပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲနဲ့ တန်ဆောင်တိုင်လောက် အားထားပြီးရောင်းရတာ။ ကျန်တဲ့အချိန်ဆို ဈေးဦးမပေါက်တာများတယ်''ဟု ဆိုင်ရှင်တစ်ဦးက ဆိုသည်။

''ဆိုင်ခန်းခနှုန်းထားတွေ ပြင်ဆင်သတ်မှတ်ချက်က ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်း မူဘောင်တွေထဲကနေ လိုအပ်ရင် လိုအပ်သလို ပြင်ဆင်လို့ ရပါတယ်။ ဒါက ဘုရားကြီး ရန်ပုံငွေပါ။ ဂေါပကအဖွဲ့ ရန်ပုံငွေ မဟုတ်ပါဘူး။ ရောင်းမကောင်းလို့ မပေးနိုင်ဘူးဆိုတာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ဆိုင်ခန်းတွေကို တစ်ဆင့်ပြန်လည် ငှားရမ်းလို့ မရသလို ပြန်လည်ရောင်းချဖို့ဆိုရင်လည်း ဂေါပကအဖွဲ့ရဲ့ ခွင့်ပြုချက် လိုပါတယ်။  စည်းကမ်းနဲ့ မညီညွတ် ရင် ဆိုင်ခန်းကို သိမ်းခွင့်ရှိပါတယ်''ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်မြင့်က ပြောကြားခဲ့သည်။ဘုရားကြီးစောင်းတန်းနှင့် တိုက်တန်းများရှိ ဆိုင်ခန်း အရေအတွက်မှာ ၈၁၆ ခန်းရှိပြီး တိုးမြှင့်ကောက်ခံသွားမည့် နှုန်းထားများအရ ဘဏ္ဍာငွေကျပ်သိန်း ၈၀ ကျော် လစဉ်ရရှိမည်ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။