Sunday, April 29, 2012

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ထိုင်းပညာရှင်(၃)ဦးနှင့် ဦးအုန်းတွေ့ဆုံမည်

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ထိုင်းပညာရှင်(၃)ဦးနှင့် ဦးအုန်းတွေ့ဆုံမည်



ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မေလလလယ်ပိုင်းတွင် ချူလာလာမ်ကွမ်းတက္ကသိုလ်မှ ပါမောက္ခ(၃)ဦးနှင့်တွေဆုံရန် အစီစဉ်ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးပညာရှင် ဦးအုန်းကဆိုသည်။

‘’သဘာဝပတ်ဝန်းကျင်ထိခိုက်စေနိုင်တဲ့စီမံကိန်းတွေရပ်တဲ့သတင်းကတော့ ၀မ်းသာစရာပေါ့၊ အခု ထားဝယ်စီမံကိန်းက ရပ်ဆိုင်းမယ်လို့ကြေညာလိုက်ပြီလား၊ဘယ်ကနေကြားတာလဲ၊ အခုမှ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ထိုင်းပညာရှင်တွေနဲ့ မေ(၁၇)(၁၈)မှာဆွေးနွေးဖို့အစီစဉ်ရှိတယ်”ဟု FREDAမှ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးပညာရှင် ဦးအုန်းကပြောဆိုသည်။
အဆိုပါထိုင်းပညာရှင်များအနေဖြင့် ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ထိုင်းကုမ္ပဏီနှင့် ထိုင်းလူမျိုး အများစုက မြန်မာနိုင်ငံ အပေါ် ကျေနပ်မှုမရှိမည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း ၄င်းတို့ပြောဆိုမှုကို ကိုးကား၍ ဦးအုန်းကပြောသည်။
မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဥပဒရေးဆွဲပြီးဖြစ်သော်လည်း ဥပဒေတွင် ပါဝင်မည့် EIA,SIA စသည့်အချက်များအား ယခုမှ စတင်ပြုစုရမည်ဖြစ်ကြောင်း ၄င်းကဆက်ပြော သည်။
မည်သို့ပင်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ထိခိုက်စေသည့် စီမံကိန်းရပ်ဆိုင်းမှုများအား ကြိုဆိုရမည် ဖြစ်ကြောင်းနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းနှင့်အတူ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူပိုက်လိုင်း စီမံကိန်းများလည်း ရပ်ဆိုင်းသင့်ကြောင်း၊ ရပ်သင့်၍ ရပ်ဆိုင်းလိုက်သော စီမံကိန်းများအား ကြိုဆို ရမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးပညာရှင်များက ဆိုသည်။
‘’ထားဝယ်စီမံကိန်းရပ်ဆိုင်းမယ်လို့တော့ အသေအချာ မသိသေးပါဘူး၊ ရပ်ဆိုင်းမယ်ဆိုရင်တော့ ၀မ်းသာစရာပေါ့’’ဟု အောင်ပင်လယ် မဂ္ဂဇင်းထုတ်ဝေသူ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလှုပ်ရှားမှု ဦးဆောင်သူ ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် Italian-Thai Development ကုမ္ပဏီ ဥက္ကဋ္ဌ Premchai Karnasuta က စီမံကိန်းလုပ်ငန်းများအား  ၂၀၁၂ ခုနှစ်  နှစ်ကုန်ပိုင်းတွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ၄င်း၏အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း(၈,၅ဝဝ) ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံးဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက  ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်း လုပ်ငန်းများအပေါ် သံသယဝင်လာခြင်းဖြစ်ကြောင်း Italian Thai ကထုတ်ပြန်သော သတင်းများအရ သိရှိရသည်။
အဆိုပါ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအား တည်ဆောက်ခွင်ပြုမည် မဟုတ် ကြောင်း အမှတ်(၂)လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ယခုနှစ်ကုန်တွင်ရပ်ဆိုင်းတော့မည်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း ဒေသခံများအပေါ်တွင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း ထားဝယ်အခြေစိုက် TDAက တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
‘‘စီမံကိန်းရပ်မယ်ဆိုတဲ့ သတင်းကြားလို့ ကျွန်တော်ရန်ကုန်ဆင်းလာတာပါ၊ အခုထိတော့ ထားဝယ်မှာ Italian Thai က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး၊” ဟု ထားဝယ်တွင် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်ပေးနေသော TDAက ဦးအောင်ဇော်ဟိန်းကပြောသည်။
TDAသည် ထားဝယ်၊လောင်းလုံနှင့်ရေဖြူမြူမြို့နယ်မှ ဒေသခံများအား လူအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များအတွက် ကွန်ယက်စနစ်ဖြင့် အသိပညာဖြန့်ဖြူးပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ရိုက်တာသတင်းဋ္ဌာနတွင် ရေးသားထားသည့် သတင်းအား သိရှိနိုင်ရန်အတွက် ဖော်ပြအပ်ပါသည်။
ထိုင်းနိုင်ငံ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Italian-Thai Development ကုမ္ပဏီက မြန်မာနိုင်ငံမှာ လုပ်ကိုင်မဲ့ ထားဝယ်ရေနက်  ဆိပ်ကမ်းစီမံကိန်းကို ဒီနှစ်အကုန်မှာ ရပ်ဆိုင်းတော့မဲ့အကြောင်း ကုမ္ပဏီဥက္ကဌကို ကိုးကားပြိး ဘန်ကောက်ကပေးပို့တဲ့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

ကုမ္ပဏီဟာ အဲဒီစီမံကိန်းနဲ့ပတ် သက်ပြိး ထားဝယ်မှာဆောက်လုပ်မဲ့ သံမဏိစက်ရုံမြေနေရာကိုလည်း လာမဲ့ နှစ်လသုံးလအတွင်း   ပြန်ရောင်းတော့မယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရဟာ လျပ်စစ်ဓါတ်အား ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မဲ့ ကျောက်မီးသွေး သုံးစက်ရုံကို ရုတ်တရက် ရပ်ပစ်လိုက်တာကြောင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတခုလုံးရဲ့ အနာဂါတ် အပေါ် ကုမ္ပဏီက သံသယဖြစ်နေကြောင်း ရိုက်တာသတင်းမှာ   ရေးသားထား ပါတယ်။



ဗိုဟိန်+ကြယ်စင်(မြစ်မခ)
by Myit Makha Mediagroup

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။