Tuesday, November 27, 2012
မြန်မာပြည်တွင် JCB Credit ကတ် သုံးနိုင်တော့မည်
ဂျပန်နိုင်ငံမှ JCB Credit ကတ်များ မြန်မာနိုင်ငံတွင် သုံးစွဲနိုင်ရန်အတွက် ပုဂ္ဂလိက ဘဏ်များတစ်ခုနှင့်တစ်ခု ချိတ်ဆက်ရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။
 Myanmar Payment Union နှင့် ဂျပန်နိုင်ငံမှ JCB International ကုမ္ပဏီ တို့အကြား ထိုကဲ့သို့ ဂျပန် နိုင်ငံမှ Credit ကတ်များ မြန်မာနိုင်ငံတွင် သုံးစွဲနိုင်ရန်   ရန်ကုန်မြို့ရှိ ဘဏ်များအသင်းတွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် (၁၇) ခုနှင့် JCB ကတ်များ အသုံးပြုခွင့်ရရန်အတွက်လည်းဖြစ်ကြောင်း သိရသည်။
 ထိုအစီအစဉ်ကို လာမည့် လေးလအတွင်း အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး JCB Credit များသည် Master  ကတ်များကဲ့သို့ ပင် မြန်မာနိုင်ငံ အတွင်းရှိ ပုဂ္ဂလိက ဘဏ်များနှင့် သာမက ယင်းတို့နှင့် ချိတ်ဆက် ထားသော ဟိုတယ်၊ ရှောပင်းမောလ်များနှင့် စားသောက်ဆိုင်များတွင်ပါ အသုံးပြု နိုင်မည်ဟု MPU အတွင်းရေးမှူး ဦးရဲမင်းဦးက ပြောသည်။
" ကျနော်တို့ JCB CREDIT ကုမ္ပဏီနဲ့ ဆက်စပ်ပြီးတော့ မြန်မာနိုင်ငံမှာ အသုံးပြုလို့ရအောင် ဆောင်ရွက်မှာပါ။ လာမယ့် ၂၀၁၃ ခုနှစ်မှာ ပြည်တွင်းကို လာရောက် လည်ပတ်ကြမယ့် ပြည်ပခရီးသွားတွေအတွက် နိုင်ငံတကာမှာ တွင်ကျယ်စွာအသုံးပြုနေတဲ့ JCB( Japan Credit Bureau) Card နဲ့ တရုတ်နိုင်ငံသုံး CUP Card(China Union Pay) ကတ်တွေကို အသုံးပြုနိုင်အောင်   ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဟု CB ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
 အဆိုပါ နိုင်ငံတကာ Credit စနစ်ကို မြန်မာနိုင်ငံ ဗဟိုဘဏ်မှ  MPU( Myanmar Payment Union) စနစ်လုပ်ခွင့်ရ အဖွဲ့ဝင် ပုဂ္ဂလိက ဘဏ် (၁၁) ဘဏ်မှ လုပ်ကိုင်ခွင့်ရရှိခြင်းဖြစ်ပြီး ယင်းဘဏ်များနှင့် ချိတ်ဆက်ထားသည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများတွင် ငွေပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။
 ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ တွဲဖက်လုပ်ကိုင်မည့် ဘဏ်များတွင် ဧရာဝတီဘဏ်၊ AGD ဘဏ်၊CB ဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ကမ္ဘောဇဘဏ်၊ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြ၀တီဘဏ်တို့ ပါဝင်ကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။