Tuesday, November 27, 2012

ပြည်သူ့လွှတ်တော် ဥပဒေ အသစ်ပြဋ္ဌာန်း

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၉၈ အရ ၂ဝ၁၂ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။

ယင်းဥပဒေတွင် အခန်း ၁၃ ခန်း ပါဝင်ပြီး အခန်း ၉ တွင် ပါရှိသော လွတ်လပ်စွာ ပြောဆိုခွင့်နှင့် မဲပေးပိုင်ခွင့်တွင် လွှတ်တော်ကိုယ်စားလှယ်များသည် ဆွေးနွေးပြောဆိုရာ၌ တို့တာဝန်အရေး ၃ ပါးအား ထိခိုက်ခြင်း အပြင် “အခြား ဘာသာသာသနာကို ပုတ်ခတ်ပြောဆိုခြင်း၊ အခြားပါတီတခုခုကို ထိခိုက်ပုတ်ခတ်ပြောဆိုခြင်း နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ နိုင်ငံတော်၏ လုံခြုံရေးနှင့် လျှို့ဝှက်ချက်ကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပေါက်ကြားစေခြင်း၊ ပုဂ္ဂိုလ် တဦးဦး၏ အကျင့်စာရိတ္တ သို့မဟုတ် အပြုအမူနှင့် စပ်လျဉ်း၍ ပြောဆိုခြင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ ကို ဖောက်ဖျက်ခြင်းစသည့် ဆွေးနွေးပြောဆိုခြင်းမှ အပ လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်” ဟု ပါရှိသည်။

အခန်း ၁၁ ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်လွှတ်တော် တွင် အခြေခံဥပဒေ ပုဒ်မ ၄၁၈ အရ “နိုင်ငံတော် သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို လွှဲအပ်ကြောင်း ကြေညာသည့်နေ့မှစ၍ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်” ဟု ဖော်ပြပါရှိသည်။

ယခင် ထုတ်ပြန်ထားပြီးဖြစ်သော နအဖ စစ်ကောင်စီလက်ထက် ‘ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေ’ ကို ဤဥပဒေဖြင့် ဖျက်သိမ်းလိုက်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။