Tuesday, November 27, 2012

တန်ဆောင်တိုင်(၆)ရက်မြောက်နေ့၌ လူအများစုပါဝင်သည့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်


 တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် (၆)ရက်မြောက်နေ့၌ မီးပုံးပျံပျက်ကျမီးလောင်မှုကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရှိရသည်။


နိုဝင်ဘာ(၂၅)ရက်နေ့ည မီးပုံးပျံပြိုင်ပွဲတွင် ဖိုးလမင်းညမီးကျည်း မီးပုံးပျံလွှတ်တင်ခဲ့ရာ၌ ရာသီဥတု အခြေအနေကြောင့် အထက်သို့ ပျံမတက်နိုင်ပဲ ဆောင်းခမီးပုံးပျံလွှတ်တင်ရန် ယမ်းခွေချိန်သည့် စင်ပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။


ဖိုးလမင်းမီးပုံးက မီးလောင်ပြီးတော့ အောက်ကိုကျလာတော့ ယမ်းခွေချိန်နေတဲ့ ဆောင်းခမီးပုံးပျံ ပေါ်ကို ကျသွားပြီး မီးလောင်ခဲ့တာ။ အဲဒါနဲ့ လူငယ်တွေဆိုတော့ ဒေါသ မထိန်းနိုင်တော့ပဲ ခိုက်ရန် ဖြစ်သွားခဲ့ကြတာပါ"ဟု မီးပုံပျံအမှတ်ပေး ဒိုင်လူကြီး ဦးကျော်မြင့်က ပြောသည်။


ထိုသို့ ပြုတ်ကျခဲခြင်းကြောင့် ဆောင်းခမီးပုံးပျံအဖွဲ့ဝင်များနှင့် ဖိုးလမင်းမီးပုံးပျံအဖွဲ့ဝင်များ ခိုက်ရန်ဖြစ် ပွားခဲ့ပြီး ပြိုင်ပွဲအား (၂)နာရီ ရပ်နားခဲ့ရကြောင်း၊ ခိုက်ရန်ဖြစ်ပွားမူတွင် ထိခိုက်ဒဏ်ရာရရှိမှုကိုမူ မသိရှိရသေးကြောင်းနှင့် ခိုက်ရန်ဖြစ်ပွားမှုတွင် လူဦးရေ (၂၀၀)၀န်းကျင် ပါဝင်ကြောင်းကိုလည်း သိရသည်။


မလွှတ်တင်မှီ မီးလောင်ခံခဲ့ရသော ဆောင်းခမီးပုံးပျံအား ကုန်ကျစရိတ်များ ပေးဆောင်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကုန်ကျစရိတ်အား ကျပ် (၃၀)၀န်းကျင် ရှိကြောင်း မီးပုံး ပျံကျင်းပရေးကော်မတီမှ သိရှိရသည်။


ဆောင်းခမီးပုံးက မီးလောင်သွားတော့ကြ မလွှတ်လိုက်ရဘူးလေ၊ လူကြီးတွေကလည်းအဆင် ပြေအောင် ညှိနှိုင်းနေပါတယ်။ ကုန်ကျမှုကတော့ အနည်းဆုံး သိန်း ၃၀ လောက်ရှိမယ် ” ဟု တောင်ကြီးNLDပါတီမှ ကိုသိန်းဝင်းထွန်းက ပြောသည်။


ထိုညတွင် မီးပုံးပျံစုစုပေါင်း (၁၉)လုံးလွှတ်တင်ရန် စီစဉ်ခဲ့သော်လည်း ညမီးကျည်း (၁၃)လုံးနှင့် စိန်နပန်(၄)လုံး သာလွှတ်တင်ခဲ့ပြီး ဗိုလ်ချုပ်ပုံပါ မီးပုံးပျံတစ်လုံးကိုလည်း လွှတ်တင်ခဲ့ကြောင်း သိရသည်။


ယနေ့ နိုဝင်ဘာ (၂၆)ရက်နေ့တွင် ကျင်းပမည့် (၇)ရက်မြောက်ည မီးပုံးပျံပြိုင်ပွဲတွင် ညမီးကျည်း (၁၃)လုံးနှင့် စိန်နပန် (၄)လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။