Thursday, July 26, 2012

 မလိခ မြစ်ဝှမ်းငယ်၌ ဇီဝမျိုးစုံမျိုးကွဲ ၄၈ ရာခိုင်နှုန်းနှင့် မေခမြစ်ဝှမ်းငယ်၌ ၆၇ ရာခိုင်နှုန်းမှာ ထိန်းသိမ်းရန် လိုအပ်နေ

မလိခ၊ မေခမြစ်ဝှမ်းငယ်အနီး သဘာဝပတ်ဝန်းကျင်ကို ယခုနှစ် မတ်လအတွင်းက တွေ့ရစဉ်
ဧရာဝတီမြစ်အထက်ပိုင်းရှိ မလိခ၊မေခ မြစ်ဝှမ်းငယ်များ၌ ဇီဝမျိုး စုံမျိုးကွဲများစွာ တည်ရှိနေပြီး ကမ္ဘာ့စံနှုန်းအရ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရန် လိုအပ်မှုမှာ မလိခမြစ်ဝှမ်းငယ်တွင် ၄၈ ရာခိုင်နှုန်းနှင့် မေခမြစ်ဝှမ်းငယ်တွင် ၆၇ ရာခိုင်နှုန်း အသီး သီး ရှိနေကြောင်း သိရှိရသည်။

ဧရာဝတီမြစ်အား မြစ်ဝှမ်းငယ်များဖြင့် ပိုင်းခြားလျက် ဂြိုဟ်တုမြေပုံများကို အသုံးပြုကာ လေ့လာမှုများကို အခြေခံ၍ ဧရာဝတီမြစ်ဝှမ်း ဆန်းစစ်ချက်ကို ဦးဝင်းမျိုးသူ (EcoDev) က ဇူလိုင်လ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော'ဘာကြောင့် ဧရာဝတီကို ထိန်းသိမ်းသင့်သလဲ' ဟောပြောပွဲ၌ ပြောကြားခဲ့သည်။ ''နိုင်ငံတကာ စံသတ်မှတ်ချက်အရ ကမ္ဘာမှာ ရှားပါးတောရိုင်းတိရ စ္ဆာန်တွေ၊ အပင်တွေရှိတာကို IUCN ဆိုတဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကြီးက ထုတ်ပြန် သတ်မှတ် ထားတာရှိတယ်။ ဒီအကောင်တွေ၊ ဒီအပင်တွေကတော့ ဒီလိုထားရမယ်ဆိုတာ။ အဲဒီအခြေအနေကို Globally Endangered Species လို့ ခေါ်တယ်။ မျိုးသုဉ်းပျောက်ကွယ်လု အပင်တွေ၊ အကောင်တွေပေါ့'' ဟု ဦးဝင်းမျိုးသူ(EcoDev)က ပြော ကြားသည်။
''မြန်မာပြည်ထဲမှာ လေ့လာပြီးတော့ သူတို့ ဘယ်နေရာတွေမှာ ကျက်စားသလဲဆိုတာကို သုံးသပ်ပြီးတော့ မြန်မာပြည်မှာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကနေ သတ်မှတ်ထားတဲ့ ဇီဝထိန်းသိမ်းရေးကို လုပ်ဆောင်ပါမယ်ဆိုပြီး ခံဝန်ချက် ထိုးထားတဲ့အထဲမှာ ပါတယ်။ ခံဝန်ကတိ ထိုးထားတဲ့နိုင်ငံတိုင်းဟာ ဒီလို ကမ္ဘာ့ရှားပါးသတ္တ၀ါတွေကို ထိန်းသိမ်းပါမယ်ဆိုတာ ကတိက၀တ်ပြုပြီးသား ဖြစ်ပါတယ်''ဟု ပြောကြားသည်။

ဧရာဝတီမြစ်အထက်ပိုင်းရှိ မလိခမြစ်ဝှမ်းငယ်သည် မြစ်ဝှမ်းဒေသတစ်ခုလုံး၏ ၅ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး တောဖုံးလွှမ်းမှုမှာ ၈၃ ရာခိုင်နှုန်း၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရန် လိုအပ်မှုမှာ ၄၈ ရာခိုင်နှုန်းဖြစ်ကြောင်း၊ မြစ်ဝှမ်းငယ် အတွင်းရှိ ကျေးရွာပေါင်း ၉၅ ရွာတွင် လူဦးရေ သုံးသိန်းသုံး သောင်းကျော် နေထိုင်လျက်ရှိကာ မလိခမြစ်ကမ်းဘေးရှိ ရွာခြောက်ရွာတွင် လူဦးရေ ၂၀၀၀၀ ကျော် နေထိုင်နေကြောင်း သိရှိရသည်။
ထို့အတူ မေခမြစ်ဝှမ်းငယ်၏ ဧရိယာသည် မြစ်ဝှမ်း၏ ၅ ဒသမ ၉ ရာခိုင်နှုန်း၊ တောဖုံးလွှမ်းမှု ၅၄ ရာ ခိုင်နှုန်း၊ ဇီဝမျိုးကွဲထိန်းသိမ်းရန် လိုအပ်မှု ၆၇ ရာခိုင်နှုန်းရှိကြောင်း၊ မြစ်ဝှမ်းအတွင်းရှိ ရွာပေါင်း ၁၃၃ ရွာတွင် လူဦးရေ တစ်သိန်းငါးသောင်းကျော် နေထိုင်ကာ မြစ်ကမ်းဘေးရှိ ရွာ ၁၇ ရွာတွင် လူဦးရေ ၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခ မြစ်ဝှမ်းတွင် မြစ်ဆုံစီမံကိန်းအပါအ၀င် ရေအားလျှပ်စစ်စီမံကိန်းများကို အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအနက် မြစ်ဆုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘ၀များပေါ်တွင် ဆိုးကျိုးသက်ရောက်မှုများ ရှိမည်ဖြစ်သည့်အတွက် နယ်ပယ်အသီးသီးမှ ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ကာ ၂၀၁၁ ခုနှစ် စက်တင်ဘာလကုန်၌ နိုင်ငံတော်သမ္မတက ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။

ကျန်စီမံကိန်းများမှာမူ ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရှိရပြီး မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မည်ဟူသော သတင်းများ ထွက်ပေါ်မှုအပေါ် ဒေသခံများက စိုးရိမ်မှုများလည်း ရှိနေပါသည်။

ရေအားလျှပ်စစ်စီမံကိန်းများသည် မေခမြစ်ပေါ်တွင် ငါးခု၊ မလိခ မြစ်ပေါ်တွင်တစ်ခုရှိနေသည်ဟု သိရသည်။ မေခ၊ မလိခ မြစ်ဝှမ်းငယ်များသည် ဧရာဝတီမြစ် စတင်ရန် အရေးပါသော အစိတ်အပိုင်းဖြစ်ကာ တစ်နိုင်ငံလုံးရှိ မြစ်ဝှမ်းဒေသများမှ ဇီဝမျိုးကွဲ တည်ရှိမှုများအနက် ထိန်း သိမ်းရန် လိုအပ်မှု ရာခိုင်နှုန်းလည်း အမြင့်ဆုံး ဖြစ်နေသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။