
နိုင်ငံတော် သမ္မတ၏ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်းလိုက်ပါခဲ့သော အလုပ်သမားရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ NGO အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံရှိ အလုပ်သမားအရေးဆောင်ရွက်နေသော အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံ မြန်မာသံရုံး၌ အချိန် (၁) နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု MAP ဖောင်ဒေးရှင်းမှ မမိုင်က ယခုလို ပြောသည်။
“ထိုင်းနိုင်ငံမှာ အခြေစိုက်နေတဲ့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့
အဖွဲ့အစည်းတွေရဲ့ စကားကို သူ နားထောင်ပေးတယ်။ ပြီးတော့ ဘာဖြစ်ချင်သလဲ၊
ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုပြီး သူပြန်မေးတယ်။ အခွင့်အရေး ပေးတယ်ပေါ့နော်။
နောက်ပိုင်း အလုပ်သမားတွေနဲ့ ပတ်သက်လို့ တစုံတရာရှိခဲ့မယ်ဆိုရင် သူ့ကို
တိုက်ရိုက်ဆက်သွယ်လို့ရတဲ့ အကြောင်း ပြောတယ်လေ။” ဟု မမိုင်က
ပြောသည်။ ယာယီနိုင်ငံကူးလက်မှတ်ကိစ္စအပါအ၀င် ထိုင်းနိုင်ငံရှိ
မြန်မာအလုပ်သမားများကြုံတွေ့ရသော ပြဿနာ၊အခက်အခဲများနှင့် ပတ်သက်၍
နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်သင့်သည်များကို
NGOအဖွဲ့များကတင်ပြခဲ့ရာဝန်ကြီးကလက်ခံကြောင်း သိရသည်။ အလားတူ
ကိုယ်ဝန်ဆောင် အမျိုးသမီးများ ထိုင်းနိုင်ငံအတွင်း မီးဖွားခွင့်မရသည့်
ဥပဒေမူကြမ်းနှင့် ပတ်သက်သည့်ကိစ္စအားတင်ပြခဲ့ရာ ထိုင်းအစိုးရနှင့်
ဆွေးနွေးပေးမည်ဟု ၀န်ကြီးက ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း
ဖန်းငဒေသ အခြေစိုက်ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED
အဖွဲ့ ဒါရိုက်တာ ဦးထူးချစ်က အခုလို ပြောသည်။ “ဒါ လူ့အခွင့်အရေး၊
အမျိုးသမီး အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာပဲ ဆိုတဲ့ဟာမျိုး
ပေါ့နော်။ သူတို့အနေနဲ့ ဒါကို သေချာလေး ပြန်ဆွေးနွေးပေးမယ်ဆိုတာမျိုး
ပြောသွားတာ ရှိပါတယ်။” ဟု ဦးထူးချစ်က ပြောကြားခဲ့သည်။
ကိုယ်ဝန်ဆောင် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံအတွင်း မီးဖွားခွင့်
မပြုရန်၊ အကယ်၍ ကိုယ်ဝန် (၄)လ ရှိပါက မူရင်းဌာနေ နိုင်ငံသို့ ပြန်လည်
ပို့ဆောင်မည့် ဥပဒေကြမ်းတစ်ရပ်ကို အတည်ပြု ပြဌာန်းပေးရန်
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထိုင်းအစိုးရအဖွဲ့အား လွန်ခဲ့သည့် လက
တင်ပြခဲ့သည်။ အဆိုပါ ဥပဒေကြမ်းကို ထိုင်းအစိုးရက အတည်မပြုမီ
ပြန်လည်စိစစ်ပေးရန် ထိုင်းနိုင်ငံရှိ အလုပ်သမားအရေး ဆောင်ရွက်နေသော
အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ထံ စာရေးတင်ပြထားပြီး ဖြစ်သည်။
ထို့အပြင် လာမည့်ကာလများ၌ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများအရေး
ပေါ်ပေါက်လာပါက ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများ အပါအ၀င်
ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေး
ညှိနှိုင်းသွားရန်ရှိသည်ဟု ၀န်ကြီးက ပြောကြားခဲ့သေးသည်။ အဆိုပါ
တွေ့ဆုံပွဲတွင် ၀န်ကြီး ဦးအောင်ကြည်အပါအ၀င် ထိုင်းနိုင်ငံသံရုံး
အရာရှိများ၊ ၀န်ထမ်းများနှင့် ထိုင်းနိုင်ငံရှိ
အလုပ်သမားရေးဆောင်ရွက်နေသည့် NGO အဖွဲ့အစည်းများ၊ ယာယီနိုင်ငံကူးလက်မှတ်
ပြုလုပ်ပေးသည့် ကုမ္ပဏီအချို့မှ တာဝန်ရှိပုဂ္ဂိုလ်(၁၅) ဦးခန့်
တက်ရောက်ခဲ့သည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။