Thursday, July 26, 2012

အစိုးရ အဖွဲ့ဝင်များ၏ အကျိုးစီးပွားများ မှတ်တမ်းတင်ရန်အဆို ဆွေးနွေးမည်

ရန်ကုန် (မဇ္ဈိမ) ။      ။ ပြည်ထောင်စု၊ ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကာ မှတ်တမ်းတင်ထားရန် အဆိုကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် သဘောတူလိုက်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

“သန့်ရှင်းသော အစိုးရ ဖြစ်ဖို့ဆိုရင် သန့်ရှင်းသော အစိုးရအဖွဲ့ဝင်တွေ ဖြစ်ရန် လိုတယ်လေ။ အဲ့ဒါကြောင့် အဆိုကို လက်ခံဆွေးနွေးသင့်ပါကြောင်း ထောက်ခံပေးလိုက်တာပါ” ဟု အဆိုကို ထောက်ခံဆွေးနွေးခဲ့သူ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း က မဇ္စျိမကို ပြောသည်။

“Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွား များကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်” အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ပုသိမ်မြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က တင်သွင်းခဲ့ခြင်း ဖြစ်သည်။
usdp-parliament
“နိုင်ငံတော် သမ္မတ ပြောသလို ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်ဖို့ဆိုတာ လူတွေအားလုံးက မျှော်လင့်
နေကြတာလေ။ အစိုးရအဖွဲ့ထဲပါလာပြီဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် ပွင့်လင်းမြင်သာမှု ရှိရမယ်။ တာဝန်ခံမှု ရှိရမယ်။ အဲ့ဒီမူအရ ဆွေးနွေးတာပါ။ အခြားပါတီတွေကည်း သဘောကျလက်ခံပြီး မျှော်လင့်နေတယ်” ဟု ဦးဝင်းမြင့် က မဇ္စျိမကို ပြောသည်။

ယင်းအဆိုအား ဆွေးနွေးမည့်ရက်ကို သတ်မှတ်ပေးခြင်း မရှိသေးသော်လည်း ပါဝင်ဆွေးနွေးမည့် ကိုယ်စားလှယ်များ အမည်စာရင်းကို ဇူလိုင်လ ၂၆ ရက်နေ့ နောက်ဆုံးထားကာ ပေးပို့ရမည် ဖြစ်သည်။

ဤအဆိုသည် NLD ကိုယ်စားလှယ်များထဲမှ ပထမဆုံး တင်သွင်းသည့် အဆို ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော် သမ္မတနှင့် ဒု-သမ္မတများသည် မိမိတို့ဦးစီးသည့် တစီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စု လွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဟု ဖော်ပြပါရှိပြီး ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။