Thursday, July 26, 2012

မင်္ဂလာဒုံ လေဆိပ်ပိုင် မြေအတွင်းရှိ ကျူးကျော်နေအိမ်များ ဖယ်ရှားခံခဲ့ရသူများ နေစရာမရှိဖြစ်ကာ ကျန်းမာရေးချို့တဲ့မှုနှင့် ရင်ဆိုင်လာနေရ

ဖယ်ရှားရှင်းလင်းခံထားရသော အိမ်အပျက်အစီးများအား တွေ့ရစဉ်
မရမ်းကုန်းမြို့နယ်၊ အမှတ် (၅)ရပ်ကွက်ရှိ မင်္ဂလာဒုံလေဆိပ်ပိုင် မြေအတွင်းရှိ ကျူးကျော်နေအိမ်များကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာမှ ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်ခဲ့သောကြောင့် အဆိုပါ နေအိမ်များမှ ပြည်သူများမှာ ယခုအချိန်တွင် နေစရာ နေရာမရှိဘဲ ကြုံသလို အနေအထားဖြင့်သာ နေနေရသောကြောင့် ကျန်းမာရေးချို့တဲ့မှုများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

အဆိုပါနေရာ၌ ကျူးကျော်အိမ်များ ဆောက်လုပ်နေထိုင်လာ ကြသည်မှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကတည်းကဖြစ်ကြောင်း သိရသည်။ အများစုမှာ ကျပန်းလုပ်သားများဖြစ်သောကြောင့် အိမ်ငှားနေထိုင်ရန် အခက်အခဲရှိပြီး ယခုအခါ အနီးအနားရှိ ခင်မင်ရင်းနှီးရာ အိမ်များဘေးနှင့် အိမ်အောက်များတွင် နေထိုင်ခြင်း၊ အနီးအနားရှိ မြတ်စောညီနောင် ဘုရားပေါ်တွင် နေထိုင်ခြင်းများ ပြုလုပ်နေရသောကြောင့် ကလေးငယ်များမှာ ကျန်းမာရေးချို့တဲ့မှုနှင့် ရင်ဆိုင်လာရခြင်းဖြစ်ကြောင်း သိရသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များမှ အားပေးနေစဉ်
''ကျွန်မတို့မှာက အိမ်ငှားဖို့ နေနေသာသာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘ၀ပါ။ ကလေးတွေကိုလည်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာပဲ ကျောင်းထားနိုင်ပါတယ်။ အခုတော့ အိပ်စရာကလည်း မရှိ။ စားစရာကလည်း မရှိဆိုတော့ ကလေးတွေလည်း ကျန်းမာရေး  မကောင်းပါဘူး။ ဘယ်နေရာမှာပဲ နေရ နေရပါ။ နေစရာလေး တစ်ခုလောက်ရရင်ပဲ အရမ်းဝမ်းသာရမှာပါ'' အိမ်ဖျက်ခံရသူတစ်ဦးဖြစ်သူ မခိုင်က ပြောပါသည်။

အဆိုပါ နေအိမ်များကို ပြောင်းရွှေ့ပေးရန် မရမ်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ သတိပေးစာများ ထုတ်ပြန်ခဲ့ပြီး နောက်ဆုံးအနေဖြင့် ဇွန်လ ၂ရက်နေ့တွင် ဖယ်ရှားပေးရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။ သို့သော် ၎င်းတို့မှ မိုးတွင်းကာလဖြစ်သောကြောင့် ယာယီဆက်လက် နေထိုင်ခွင့်ပေးရန် အသနားခံစာ တင်သွင်းခဲ့သော်လည်း သက်ဆိုင်ရာမှ လက်မခံခဲ့ဘဲ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ငါးနာရီခန့်တွင် လာရောက်ဖယ်ရှား ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၂၄ရက်နေ့တွင် အဆိုပါ ပြည်သူများအား သတင်းထောက်၊ စာရေးဆရာ၊ ကဗျာဆရာများဖြင့် ဖွဲ့စည်းထားသော White Fund အဖွဲ့က နေ့လည်စာ လှူဒါန်းခဲ့ပြီး အဆိုပါပွဲသို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ လာရောက်ခဲ့ကာ ဒုက္ခရောက်နေသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဖယ်ရှားခံအိမ်များမှ ကလေးငယ်များအားတွေ့ရစဉ်

''အစ်ကိုတို့ ရောက်တဲ့အချိန်မှာ တွေ့ရတာက အားလုံးက နိုင်ငံသားတွေပဲလေ။ ဆိုတော့ တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပြီဆိုရင် နိုင်ငံသားတွေအားလုံးရဲ့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ ပြောထားပြီးသား။ နိုင်ငံမှာ နေတဲ့သူတွေက ကိုယ့်ဘ၀ရပ်တည်ဖို့ ကြိုးစားရပ်တည်နေရတဲ့ အချိန်မှာတောင်မှ အခုလို နေရေးထိုင်ရေးကိစ္စတွေ ဒုက္ခရောက်လာပြီဆိုရင် သူတို့ဘ၀ ရပ်တည်မှုက အရမ်း နစ်မွန်းနိုင်တယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲရေး အမှန်တကယ် လုပ်နေပြီဆိုရင် နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ဘယ်လောက်ထိ ထည့်တွက်ပြီး လုပ်ပေးသင့်တယ်ဆိုတာ လူကြီးတွေအနေနဲ့လည်း စဉ်းစားသင့်ပါတယ်'' ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက ပြောပါသည်။ အဆိုပါ ဖျက်ဆီးခံရသော အိမ်ခြေအရေအတွက်မှာ တစ်ရာကျော်ခန့်ရှိပြီး လူဦးရေ ၇၀၀ကျော်ခန့် နေထိုင်ကြောင်း သိရသည်။ ယင်း လူဦးရေ ၇၀၀ကျော်တွင် ကျောင်းတက်နေသူ ကလေးငယ် တစ်ရာကျော် ပါဝင်ကြောင်း သိရသည်။

''ကိုယ့်နိုင်ငံသားတွေက ဒီလိုမျိုး လူသားချင်းစာနာတဲ့ ရှုထောင့်ကနေ မေတ္တာရပ်ခံတင်ပြချက်ကို လေးလေးနက်နက်ထားပြီး ဆောင်ရွက်ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာ သက်ကြီးရွယ်အိုတွေ ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် အနာဂတ်မှာ တကယ့်ကို တိုင်းပြည်မှာ အကျိုးဖြစ်ထွန်းနိုင်မယ့် လူသားအရင်းအမြစ်ကို ဖော်ဆောင်ပေးနိုင်မယ့် ကလေးတွေ ပါနေတယ်။ သူတို့ရဲ့ရပ်တည်မှုနဲ့ ရှင်သန်မှုကို အလေးထားပြီး တတ်နိုင်သလောက် ဆောင်ရွက်ပေးစေချင်တယ်''ဟု ကိုပြုံးချိုက ဆက်လက်ပြောပြခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။