Thursday, July 26, 2012

လျှပ်တစ်ပြက်ဂျာနယ်အား တရားစွဲဆိုထားမှုအတွက် လေးကြိမ်မြောက် ရုံးချိန်းခေါ်ယူ၊ ဂျာနယ်ထုတ်ဝေ ဖြန့်ချိခွင့်အား ဆက်လက် ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း သိရ

လျှပ်တစ်ပြက်ဂျာနယ်အား တရားစွဲထားမှုအတွက် လေးကြိမ်မြောက် ရုံးချိန်းကို ဇူလိုင်လ ၂၄ ရက်နေ့က ခေါ်ယူခဲ့ပြီး ဂျာနယ် ထုတ်ဝေဖြန့်ချိခွင့်ကိုမူ ဆက်လက်ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း သိရှိရပါသည်။ လျှပ်တစ်ပြက် ဂျာနယ်အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော် ပြပါရှိသော မသီတာထွေး၏ ဓာတ်ပုံ နှင့်ပတ်သက်၍ အယ်ဒီတာချုပ် ဦး မြတ်ခိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ တရားစွဲဆိုမှုနှင့်အတူ လျှပ်တစ်ပြက်ဂျာနယ် ထုတ်ဝေဖြန့်ချိခွင့်ကိုလည်း ယာယီရပ်ဆိုင်းခဲ့ခြင်း ဖြစ်ပါသည်။

ဇွန်လ ၈ ရက်နေ့က နောက်ဆုံး ထုတ်ဝေဖြန့်ချိခွင့်ရရှိခဲ့သော လျှပ်တစ်ပြက်ဂျာနယ်ကို ထုတ်ဝေဖြန့်ချိခွင့် ယာယီပိတ်ပင်မှုမှာ တစ်လခန့် ကြာမြင့်မည်ဟု သိရသော်လည်း တစ်လပြည့်ပြီးနောက်ပိုင်းတွင်လည်း ထုတ်ဝေဖြန့်ချိခွင့်မှာ မရရှိသေးဘဲ ရပ်ဆိုင်းခံထားရဆဲဖြစ်ကြောင်း သိရ ပါသည်။
လက်ရှိအချိန်တွင် လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်မှာ တရားစွဲဆိုထားမှုအတွက် တရားရင်ဆိုင်နေရဆဲဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ ကြားနာခဲ့သော ရုံးချိန်း၌ တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့သည်ဟု သိရပါသည်။ အမှုအတွက် တရားလိုပြသက်သေ သုံးဦးကို စစ်ဆေးမည်ဖြစ်ပြီး ကျန်ရှိသူများအား စစ်ဆေးရန်အတွက် သြဂုတ်လ ၃ ရက်နေ့ကို ထပ်မံခေါ်ယူမည့် ရုံးချိန်းအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
လျှပ်တစ်ပြက်ဂျာနယ်ကို တရားစွဲဆိုထားသော အမှုအား ပုဇွန်တောင်မြို့နယ် တရားရုံး၌ ကြားနာနေခြင်းဖြစ်ပြီး အမှုစစ်ဆေးနေမှုမှာ တစ်လခန့် ကြာမြင့်လာပြီဖြစ်ပါသည်။ ဂျာနယ် ထုတ်ဝေဖြန့်ချိခွင့် ယာယီရပ်ဆိုင်းခံရမှုမှာ ရက်သတ္တပတ် ခုနှစ်ပတ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။