
www.lifesizememories.com တွင် ဖော်ပြထားသည့် မြန်မာနိုင်ငံမှ မှတ်တမ်းဓာတ်ပုံ
အဆိုပါ မှတ်တမ်းရုပ်ရှင်ကို ပြင်သစ်နိုင်ငံမှ ဒါရိုက်တာ Klaus Reisinger နှင့် Frederique Leng-aigne တို့က ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး R2 Flims ၏ ထုတ်လုပ်မှုဖြင့် ပြင်သစ်၊ သြစတြီးယား နိုင်ငံတို့တွင် ၂၀၁၂ ခုနှစ် မေလမှစတင်၍ ရုံတင်ပြသလျက်ရှိကာ ရုပ်ရှင်ပွဲတော် အချို့တွင်လည်း တင်သွင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။
“လေးနိုင်ငံက တစ်နည်းပြောရင်တော့ ဆင်လောကမှာ အာဖရိကဆင် နဲ့ အာရှဆင်နှစ်မျိုးပေါ့။ အဲဒီအထဲ မှာ အာရှဆင်နဲ့ပတ်သက်လို့ အဓိက ရှိတဲ့နိုင်ငံတွေက ဆင်တွေနဲ့ပတ်သက်တဲ့ nature ရော၊ cultureရော ရိုက်ပြ ထားတယ်” ဟု ရုပ်ရှင်လာရောက် ရိုက်ကူးသည့် ခရီးစဉ်များတွင် လိုက်ပါခဲ့သည့် မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသင်းမှ ဦးခင်မောင်ကြီးက ပြောပြသည်။
မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရန် ၂၀၀၇ ခုနှစ်ဝန်းကျင်မှ စတင်၍ နှစ်စဉ် မြန်မာနိုင်ငံသို့လာရောက် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ဆုံး အကြိမ် လာရောက်ရိုက်ကူးခဲ့သည့် ၂၀၀၉-၂၀၁၀ ပြည့်နှစ်တွင် အချိန် ခုနစ်လမျှကြာအောင် နေထိုင်ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
“နှစ်စဉ် သူတို့လာတယ်၊ ရိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီက ဆင်တွေကိုရိုက်လို့ကောင်းတဲ့ အချိန်ရယ်၊ သူတို့အဆင်ပြေတဲ့အချိန်မှာ လာပြီးရိုက်တယ်။ သစ်လုပ်ငန်းက ဆင်တွေရိုက်တယ်ဆိုတော့ သစ်တောဌာနက၊ သစ်လုပ်ငန်းက ခွင့်ပြုတဲ့ အချိန်ကာလကို သူတို့စောင့်ပြီး ရိုက်တာပေါ့”ဟု ဦးခင်မောင်ကြီးက ဆိုပါသည်။
“ရိုက်ကူးခဲ့တာ ပဲခူးအရှေ့ခြမ်း ပါတယ်။ သစ်တောကြိုးဝိုင်း ဧရိယာ ပါတယ်။ ကြိုးပြင်ဧရိယာလည်း ပါတယ်။ ကျွန်းစိုက်ခင်း ဧရိယာလည်း ပါတယ်။ ပဲခူးအရှေ့ခြမ်း တောင်ငူ၊ ပြင်ဦးလွင်၊ သပိတ်ကျင်း၊ ပြင်ဦးလွင်သစ်ထုတ်နယ် ဆိုရင် အဲဒီအထဲမှာ သပိတ်ကျင်းတို့၊ ရဲရမန်း သစ်ထုတ်နယ်တို့၊ မိုးကုတ်သစ်ထုတ်နယ်တို့ ပါတယ်။ မုံရွာ၊ ကောလင်း၊ ၀န်းသို၊ ပင်လယ်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်တို့မှာလည်း ရိုက်ကူးခဲ့ပါတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။
ဒါရိုက်တာ Klaus Reisinger နှင့် Frederique Lengaigne တို့သည် ၁၉၉၉ ခုနှစ်က မြန်မာနိုင်ငံ သို့ ပထမအကြိမ် လာရောက်ခဲ့ကာ ၎င်းတို့၏ ပထမဆုံးသော မှတ်တမ်းရုပ်ရှင်ကို မြန်မာနိုင်ငံမှ သစ်လုပ်ငန်း သုံးဆင်များနှင့် ရိုက်ကူးခဲ့သည်။
ဒုတိယအကြိမ်မြောက် ရိုက်ကူးသည့် Life Size Memories မှတ်တမ်းရုပ်ရှင်တွင် မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံများမှ အာရှဆင်အကောင်ရေ ၂၀၀ ၀န်းကျင်ကို မှတ်တမ်းတင် ရိုက်ကူးထားကြောင်း Life Size Memories ၏ တရားဝင် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သစ်တောများ ရေရှည်တည်တံ့နေသည်နှင့် အမျှ ဆင်များသည်လည်း ဆက်လက် ရှင်သန်နေမည်ဖြစ်ကြောင်း ဒါရိုက်တာများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တောရိုင်းတိရစ္ဆာန် ကာကွယ် ထိန်းသိမ်းရေး အသိအမြင်များ ရရှိစေရန် ပေါင်းစပ်ဖန်တီးထားသည့် မှတ်တမ်းရုပ်ရှင်သည် ဂျာမနီနိုင်ငံ ရုပ်ရှင်ပွဲတော်တွင် ယခုနှစ်အတွင်း ပါဝင် ပြသခဲ့ပြီး Green Prix ဆုကို ရရှိခဲ့သည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်ကို မြန်မာနိုင်ငံရှိ ရုပ်ရှင်ပွဲတော်များတွင် ပြသနိုင်ရန် ပြင်သစ်နိုင်ငံမှ စီစဉ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။