Thursday, July 26, 2012

 ရေလုပ်ငန်းစက်ရုံများနှင့် ပတ်သက်သည့် ပထမဆုံး အဖွဲ့အစည်းဖြစ်သော အေအက်စ်ကေအန်ဒမန် လီမိတက် အခြေခံ အလုပ်သမားအဖွဲ့အား အတည်ပြု

5175
အေအက်စ်ကေအန်ဒမန် အအေးခန်းနှင့် ရေလုပ်ငန်းလုပ်ကိုင်ရာ တံတားကို တွေ့ရစဉ်

ရေလုပ်ငန်းစက်ရုံများနှင့် ပတ်သက်သည့် ပထမဆုံး အလုပ်သမား အဖွဲ့အစည်း တစ်ခုဖြစ်သည့် “အေအက်စ်ကေအန်ဒမန် လီမိတက်အခြေခံ အလုပ်သမားအဖွဲ့” (AABLO)အား မြိတ်မြို့တွင် ဖွဲ့စည်းပြီးနောက် သက်ဆိုင်ရာ အလုပ်သမား အဖွဲ့တာဝန်ရှိသူများ လာရောက်စစ်ဆေး အတည်ပြုခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊မြိတ် မြို့၊အင်းလေးမြိုင် စက်မှုဇုန်တွင် တည်ရှိသော အဆောင်ကောင်းကုမ္ပဏီမှ အလုပ်သမားများဖြင့် ဖွဲ့စည်းထားသော  အဆိုပါအဖွဲ့အား ၂၀၁၂ခုနှစ် ဇူလိုင်လ၄ရက်နေ့တွင် စတင်ဖွဲ့စည်း ခဲ့ပြီး ဇူလိုင်လ၁၁ရက်နေ့တွင်  လေဘာရုံးမှတာဝန်ရှိသူများက လက်မှတ် ထိုးထားသော အလုပ်သမား ၁၀၀ ကျော်ထဲမှာ ၄၆ ဦးကို လူတွေ့စစ်ဆေးခဲ့ကာ အတည်ပြုသွားကြောင်း သိရသည်။
“ဇူလိုင်လ ၁၁ ရက်မှာ အလုပ်သမားရေးရာက ဒေါ်မလိခမျိုးနှင့် အလုပ်သမားဥပဒေက ဒေါ်ဒေစီဝင်းတို့ နှစ်ဦးက လာရောက်ပြီး စစ်ဆေးသွားခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ အေအက်စ်ကေအန်ဒမန် လီမိတက်မှာ အလုပ်သမားအင်အား ၁၈၀၀ ကျော် ရှိပါတယ်။ သူတို့ရဲ့ရပိုင်ခွင့် တွေ တခြားရေလုပ်ငန်းစက်ရုံက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ အခွင့်ရေးတွေအတွက် ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ အလုပ်သမားတွေရဲ့ အခွင့်အရေးကို အလုပ်သမား အဖွဲ့အချင်းချင်း ပူးပေါင်း ဆောင်ရွက်ဖို့ သတင်းဖလှယ်ခြင်းတွေ လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ အဆိုပါအဖွဲ့မှ အမှုဆောင်တစ်ဦး က ပြောကြားခဲ့သည်။
အခြေခံအလုပ်သမားများ အဖွဲ့အစည်းဖွဲ့စည်းရာတွင်မူ ဖိနပ်စက်ရုံ၊ အထည်ချုပ်စက်ရုံ၊ ပိုက်စက်ရုံ၊ ကြွေပြား စက်ရုံ၊ ကုန်တင်ကုန်ချလုပ်ငန်း၊ သံနန်းဆွဲစက်ရုံ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အခြေခံလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ အငှားယာဉ်လုပ်ငန်း၊ ဘိလပ်မြေစက်ရုံ၊ အဖျော်ယမကာ လုပ်ငန်း၊ဗလာစာအုပ်စက်ရုံ၊ ပလတ် စတစ်စက်ရုံ၊ စက္ကူစက်ရုံ၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများမှ အလုပ်သမားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရေလုပ်ငန်းများအနေဖြင့်မူ အဆိုပါအဖွဲ့မှာ ပထမဆုံးဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။
အခြေခံအလုပ်သမား အဖွဲ့အစည်းကိုလုပ်ငန်း သို့မဟုတ် လုပ်ဆောင်မှု အမျိုးအစားအလိုက် သက်ဆိုင်ရာ  လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အလုပ်သမားအနည်းဆုံး ဦးရေ ၃၀ဖြင့် ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်သမားဦးရေ ၃၀အောက်ဖြစ်ပါက လုပ်ငန်းသဘော သဘာဝတူညီသည့် အခြားလုပ်ငန်းများနှင့် ပူးပေါင်းဖွဲ့စည်းနိုင်ကြောင်း အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။