Thursday, July 26, 2012

ဘုရင့်နောင်ခုံးကျော် တံတား ဆောက်လုပ်မည်ဖြစ်၍ ဘုရင့်နောင် လမ်းမကြီးကို ရှစ်လမ်းသွားနှင့် သမိုင်း ဘူတာရုံလမ်းကို ခြောက်လမ်းသွားအဖြစ် တိုးချဲ့မည်



5172
ဘုရင့်နောင် လမ်းဆုံအနီး ဆောင်ရွက်နေသည့် လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်

ဘုရင့်နောင်လမ်းဆုံတွင် ခုံးကျော်တံတား ဆောက်လုပ်မည်ဖြစ်သောကြောင့် ဘုရင့်နောင်လမ်းမကြီးအား လက်ရှိ ခြောက်လမ်းသွားလမ်းမှ ရှစ်လမ်းသွားလမ်းအဖြစ် လည်းကောင်း၊ သမိုင်းဘူတာရုံ လမ်းကိုလည်း ခြောက်လမ်းသွားလမ်းအဖြစ် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

“ဘုရင့်နောင်မှာ ခုံးကျော်တံတား မဆောက်ခင် အခုလောလောဆယ် မှာ ဘုရင့်နောင်လမ်းမကြီးကို  ရှစ်လမ်းသွားလမ်းအဖြစ် တိုးချဲ့နေပါတယ်။ နောက်ပြီး သမိုင်းဘူတာရုံ လမ်းကိုလည်း ခြောက်လမ်းသွားလမ်း အဖြစ် တိုးချဲ့မှာဖြစ်ပါတယ်။ အဲဒီ အတွက်လည်း လုပ်ငန်း စတင်ဆောင်ရွက်နေပါပြီ”ဟု လည်း ဘုရင့်နောင် အဝေးပြေး ကုန်တင်ယာဉ်ရပ်နားစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ဘုရင့်နောင်လမ်းအား တိုးချဲ့နေသည့်အတွက် ယာဉ်ကြောရှုပ်ထွေး ပိတ်ဆို့မှုများ ကြုံတွေ့နိုင်သည့် အတွက် ပြည်သူများအတွက် ပန်ကြားချက်ဆိုသည့် ဆိုင်းဘုတ်များထောင်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အသိပေးထားကြောင်း သိရှိရသည်။
ထို့ပြင် လမ်းချဲ့ရန်အတွက် မလွတ်ကင်းသည့် ဓာတ်တိုင်များ ဖယ်ရှားခြင်း၊ သစ်ပင်များခုတ်ထွင် ရှင်းလင်းခြင်းများကို ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရှိရသည်။
“ဘုရင့်နောင်ခုံးကျော်တံတား ရဲ့ ဒီဇိုင်းပုံစံအရဆိုရင် ရှစ်လမ်းသွားလမ်းက မင်္ဂလာသန်းမြင့် ရှေ့ကနေ  ပွဲရုံဘက်က ယင်းမာ လမ်းမရောက်ခင် အထိလောက် ချဲ့မယ်လို့ သိရပါတယ်။ သမိုင်းဘူ တာရုံလမ်းမှာတော့ ဘုရင့်နောင် လမ်းဆုံကနေ ဘုရင့်နောင်တံတားအထိကို ချဲ့သွားမယ်လို့လည်း သိရပါတယ်”ဟုလည်း ဘုရင့်နောင်ရှိ စခန်းအကျိုးဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းအား FMI  ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။