Thursday, July 26, 2012

ဝမ်းတွင်းမြို့နယ်မှတောင်သူများ ထွန်တုံးတိုက်ပွဲတွင် အသေခံဆန္ဒပြနေ


 
မိထ္တီလာခရိုင် ၀မ်းတွင်းမြို့နယ် အိုးပြွန်ကန်ရွာတွင် ကောင်းကင်ကုမ္ပဏီကသက်ဆိုင်ရာမှဖြေရှင်းပေးမှုကို မစောင့်ပဲဆောင်ရွက်နေ မှုကြောင့်  ဒေသခံလယ်သမားများကထွန်တုံးတိုက်ပွဲအား အသေခံ၍ ဆက်လက်ဆင်နွဲနေကြောင်း တောင်သူများထံက သိရသည်။    ‘ကျွန်တော်တို့ ပထမအကြိမ် ဆန္ဒပြတုန်းက မိထ္တီလာခရိုင်အုပ်ချုပ်ရေးမှုး ဦးစိန်အုပ်က (၄၅)ရက်အတွင်း မှာပြေလည်အောင်ဖြေရှင်းပေး မယ်လို့ပြောခဲ့တယ်။ အဲဒါကို ကောင်းကင်ကုမ္ပဏီက ဖြေရှင်းပေးတာ မစောင့်ပဲ   မြေတွေခြံစည်းရိုးတွေခတ်ပြီး ထွန်စက်တွေနဲ့ထွန်နေလို့ ကျွန်တော်တို့ထပ်ပြီး တိုက်ပွဲဝင်ရတာပါ’ဟု အိုးပြွန်ကန် ရွာမှတောင်သူဦးကျော်ဝင်းက ဆိုသည်။     ကောင်းကင်ကုမ္ပဏီမှ ထွန်ယက်နေသော လယ်ထွန်စက်အရှေ့တွင် တောင်သူဦးကျော်ဝင်းနှင့်ဦးသိန်းအောင်က မှောက်အိပ် ဆန္ဒပြသောကြောင့် ကုမ္ပဏီက ရပ်နားခိုင်းထားကြောင်းသိရသည်။     ‘ကျွန်တော့် ဘိုးဘွားတွေလက်ထက်ကတည်းကလုပ်ကိုင်ခဲ့တဲ့ ယာမြေပေါ်မှာမတရားထွန်ယက်နေလို့ အသေခံ ဆန္ဒပြတာပါ’ဟု တောင်သူ ဦးသိန်းအောင်က ပြောသည်။     မိထ္တီလာခရိုင်တွင်  ဇူလိုင်(၁၁)ရက်နေ့က ထွန်တုံးတိုက်ပွဲတစ်ကြိမ်ပြုလုပ်ခဲ့ပြီး မပြေလည်သောကြောင့် (၂၅)ရက်နေ့တွင် ထပ်မံပြုလုပ်ရခြင်းဖြစ်ကြောင်း တောင်သူများထံက သိရှိရသည်။     ယင်းကိစ္စနှင့်ပတ်သက်၍ ကောင်းကင်ကုမ္ပဏီမှ လတ်တလောဖြေကြားပေးနိုင်ခြင်းမရှိသေးကြောင်း တာဝန်ခံ ဦးဋ္ဌေးလွင်က ပြောသည်။     တောင်သူလယ်သမားများ၏ ထွန်တုံးတိုက်ပွဲအားဦးစီးလုပ်ဆောင်နေသော မိထ္တီလာမြို့နယ် ပြည်သူ့အကျိုး ဆောင်ကွန်ယက် ဥက္ကဌဒေါ်မြင့်မြင့်အေးမှမူတောင်သူများအရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ဆိုသည်။     ‘ကျမတို့(၁၄) ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှုးနဲ့ညှိတယ် ။ (၄၅)ရက်လောက်ညှိမယ်ပေါ့ ဒါပေမယ့်ပိုင်ရှင်တွေ ဘက်က   တောင်သူတွေအပေါ်တရားစွဲဆိုမှုတွေရှိလာတယ်၊ (၁၂)ရက်နေ့က ကောင်းကင်ကုမ္ပဏီက မလှိုင် မြို့နယ်အုပ်ချုပ်ရေးမှူး၊   တောင်သူတွေနဲ့ ကျမတို့ကွန်ယက်ရှေမှာ ပြောခဲ့တယ် ၊(၁၇)ရက်နေ့ ရောက်တော့ သူတို့ဘက်က ဘာမှလုပ်မပေးဘူးလို့ ပြန်ပြောတယ်၊ ကျမတို့ကလမ်းကြောင်းအတိုင်းလုပ်နေတုန်းမှာ ကုမ္ပဏီဘက်က တစ်ဖက်သက်လုပ်ဆောင်နေတဲ့အတွက် ထွန်တုန်းတိုက်ပွဲဆက်လုပ်တာပါ’ဟု ဒေါ်မြင့်မြင့်အေးက ပြောသည်။     မြေလွတ်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ အခန်း(၈) ပုဒ်မခွဲ (၂၅)၌ ချမှတ်ထားသော ဥပဒေ(က၊ခ၊ဂ)အား လေးစားလိုက်နာပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား ထွန်တုန်းတိုက်ပွဲတွင်ဆန္ဒပြနေသော တောင်သူများက တောင်းဆိုသွားမည်ဖြစ်ကြောင်းကိုလည်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။     ဇူလိုင်လ(၂၅)ရက်နေ့တွင် မလိုင်မြို့နယ်တွင်လည်း ထွန်းတုံးတိုက်ပွဲများဆင်နွဲနေကြောင်းကိုလည်း မလိုင် ဒေသခံများထံက သိရှိရသည်။     လာမည့်ဇူလိုင်လ(၂၆)ရက်နေ့တွင်လည်း မိထ္တီလာခရိုင်တွင် ပါဝင်သည့် မလိုင်၊မိတ္ထီလာ၊ ၀မ်းတွင်းနှင့် သာစည်မြို့နယ်များတွင်လည်း ထွန်တုံးတိုက်ပွဲ ဆင်နွဲသွားမည်ဖြစ်ကြောင်း ပြည်သူ့အကျိုးဆောင် ကွန်ယက်က ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။