Wednesday, April 25, 2012

PLNO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယအကြိမ် အပစ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်မည်

PLNO နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယအကြိမ် အပစ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်မည်
ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PLNO ဟာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို မေလအတွင်း ပြုလုပ်ဖို့ ရှိတယ်လို့ PLNO အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်းက ပြောပါတယ်။

PLNO အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ချင်းမိုင်မြို့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အခုတစ်ကြိမ်ကို မေလအတွင်း တွေ့ဆုံဖို့ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နော်ဝေးနိုင်ငံကအပြန် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ၀န်ကြီး ဦးအောင်မင်းကို မနေ့က တယ်လီဖုန်းကတဆင့် ဆက်သွယ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အခုတစ်ကြိမ် ထပ်တွေ့ဆုံမှာနဲ့ ပတ်သက်ပြီး ခွန်မြင့်ထွန်းက-
" ကျွန်တော်တို့က အချိန်ရယ် နေရာရယ် အတိအကျ မသိသေးဘူး။ ကျွန်တော်တို့က ထပ်ပြီးတော့ တွေ့ကြဖို့ရှိတယ်။ ကျွန်တော်တို့ PLNO အနေနဲ့ကလည်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အနေနဲ့ကလည်း နောက်တစ်ကြိမ် တွေ့တဲ့အခါ ကျရင် ကျွန်တော်တို့ ဆွေးနွေးမှာကတော့ အဓိက အပစ်အခတ် ရပ်စဲရေး ကိစ္စကို အဓိကထားပြီး ဆွေးနွေးမယ်" လို့ပြောပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က ပထမအကြိမ်တွေ့ဆုံစဉ် PLNO အဖွဲ့အနေနဲ့ အချက် ၁၁ ချက်ကို တင်ပြဆွေးနွေးခဲ့ပြီး ဒီအချက်တွေကို ဆက်လက်ဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခြေအနေအရ ဒုတိယအကြိမ် ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိတယ်လို့ ခွန်မြင့်ထွန်းက ပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။