Wednesday, April 25, 2012

 ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် သုခရိပ်မြုံအပါအ၀င် လူပုဂ္ဂိုလ်သုံးဦးအား ဆန်ခါတင်ရွေးချယ်

အမေရိကန်နိုင်ငံရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့မှ ပေးအပ်ချီးမြှင့်မည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် သုခရိပ်မြုံ အပါအ၀င် လူပုဂ္ဂိုလ် သုံးဦးအား ဆန်ခါတင်ရွေးချယ်ထားကြောင်း သတင်း ရရှိပါသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားကို မေလ ၂၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နယူးယောက်မြို့၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း စေတနာ့ဝန်ထမ်း လူမှုရေးလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများ အား ဂုဏ်ပြုရန်အတွက် ပေးအပ်ခြင်းဖြစ်ကာ ယခုပြုလုပ်မည့်ပွဲသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယင်းဆုအတွက် လူပုဂ္ဂိုလ်အဖွဲ့အစည်းတို့၏ အမည်စာရင်းများ တင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦးတို့ အဆိုပြုခဲ့သည့်အနက် ဧပြီလ ၁၆ ရက်နေ့တွင် ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီ က ၂၀ ဦးကို ပဏာမရွေးချယ်ခဲ့ရာမှ အမေရိကန်ပြည်ထောင်စုအတွင်းနှင့် ပြည်ပနိုင်ငံများရှိ ပြည်သူ့ ဂုဏ်ရည်အဖွဲ့ဝင်တို့က ဆန်ခါတင် ငါးဦးကို ထပ်မံရွေးချယ်ခဲ့သည်။
ပဏာမ ရွေးချယ်ထားသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအရေအတွက် ၂၀ တွင် ဇီဝိတဒါန သံဃာ့ဆေးရုံ၊ အရှင်ဉာဏိဿရ(သီတဂူဆရာတော်)၊ အရှင်နာယက (မန္တလေးဖောင်တော် ဦးကျောင်းဆရာတော်)၊ အရှင်ပညာစာရ၊ ရှေ့နေဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်၊ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း၊ မေတ္တာမွန် ကုန်လှောင်ရုံ မီးလောင်မှုတွင် အသက်ပေးသွားရသော မီးသတ်ရဲဘော် ငါးဦး၊ မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံ၊ ရခိုင်သဟာရအသင်း(ရန်ကုန်)၊  ဦးရောဘတ်စန်းအောင်၊ ရွှေခြင်္သေ့လူမှု စောင့်ရှောက်ရေးအဖွဲ့၊ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ခရစ်ယာန်ဓမ္မဆရာ လဖိုင်နော်မိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သုခရိပ်မြုံ၊ Community Water Filtration System  မှ ဦးသန်းနိုင်၊ Metta Development Foundation(NGO)၊ စွမ်းရည်ဖွံ့ရေး ဖောင်ဒေးရှင်း၊ ဒေါ်သန်းမြင့်အောင်၊ ဆရာတော် ဦးအာစိဏ္ဏနှင့် သစ်တောပညာရှင် ဦးအုန်းတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ရှေ့နေဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်၊ လဖိုင်နော်မိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သုခရိပ်မြုံနှင့် ဒေါ်သန်းမြင့်အောင်တို့ကို ဆန်ခါတင်အဖြစ် ထပ်မံရွေးချယ်ခဲ့ပြီး ၎င်းတို့ထဲမှတစ်ဦးအား ရွေးချယ်ကာ ဆုချီးမြှင့်နိုင်ရေးအတွက် မေလ ၁၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း www.citizenofburma.org အင်တာနက် စာမျက်နှာတွင် ဆန္ဒမဲများကောက်ခံကာ မဲအများဆုံးရရှိသူအား ပြည်သူ့ဂုဏ်ရည် ဆုပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံရှိ လူမှုရေးလုပ်ငန်းများတွင် ကိုယ်ကျိုးစွန့် ဆောင်ရွက်သူများအား မြန်မာ့ဂုဏ်ရည်အဖွဲ့မှ ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ချီးမြှင့်မှုကို ၂၀၁၀ပြည့်နှစ်မှ စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးအကြိမ် ဆုပေးပွဲတွင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူရရှိခဲ့ကာ ဒုတိယအကြိမ် ဆုပေးပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်သည့် ဒေါ်ရှုက ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။