Wednesday, April 25, 2012

 ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ၁/၂၀၁၂ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ၁/၂၀၁၂ ကို ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းရှိ လွှတ်တော် အဆောက်အအုံတွင် ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
ယင်းလွှတ်တော် အစည်းအဝေးတွင် မေးခွန်းများ မေးမြန်းခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် ကော်မတီသုံးခုက နှစ်ပတ်လည်အစီ ရင်ခံစာတင်သွင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဦးမင်းသိမ်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သမားများသို့ မြန်မာ့စိုက်ပျိုးရေးဘဏ်မှ နှစ်စဉ် စိုက်ပျိုးစရိတ်ချေး ငွေထုတ်ချေးခြင်းဆိုင်ရာ မေးခွန်း၊ ဆိပ်ကြီးခနောင်တို တွင် စက်မှုဇုန်ကဲ့သို့ စက်ရုံအလုပ်ရုံများ တည်ဆောက် ပေးနိုင်သော နယ်မြေသတ်မှတ်၍ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့ကို လည်းကောင်း၊ ကျောက်တန်း မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးမျိုးမြင့်က ကျောက်တန်းမြို့နယ် ကျောက်တန်း-ခနောင် -မြတိုင်း ရှမ်းကျောင်းလမ်းပေါ်ရှိ တံတားပျက်စီးနေသည်ကို ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲ၏ အဓိကကျသော လမ်းကြီးနှစ်ခုနှင့်လမ်းသွယ်များတွင် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို စေတနာရှင်များက ထည့်ဝင်လှူဒါန်း ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာရေးအနေဖြင့် တံတားမြို့နယ် တွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၌ လမ်းတံတား၊ ရေရရှိရေးလုပ်ငန်းများနှင့် အခြားမည်သည့် လုပ်ငန်းများ ဆောင်ရွက်မည်ကို သိလိုကြောင်း မေးခွန်းတို့ကို မေးမြန်းခဲ့ကြောင်း သိရသည်။

ထို့အတူ ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှဦးဝေဇင်က ၀န်ထမ်းများနှင့် နိုင်ငံသားများအတွက် ချထားပေးသော မြေကွက်များအပေါ်  အဆောက်အအုံဆောက်လုပ်ခြင်း၊ ခြံစည်းရိုး ကာရန်ခြင်း မပြုလုပ်ပါက နိုင်ငံပိုင်အဖြစ် သိမ်းယူမည်ဟု ဖော်ပြထားသော်လည်း လမ်းများ၊ ရေ၊ လျပ်စစ်မီးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိဆိုသည်နှင့် သက်ဆိုင်သည့် မေးခွန်းကိုလည်းကောင်း၊ ကမာရွတ်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးမြငွေက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရှိ အမှိုက်သယ်ပို့ယာဉ်မှာ ကားအိုဟောင်းများဖြစ်ပြီး မကြာခဏပျက်၍ ရပ်ထားသဖြင့် အမှိုက်သယ်ယာဉ် အသစ်ထပ်မံဝယ်ယူရန် အစီအစဉ် ရှိ၊ မရှိဆိုသည်နှင့် သက်ဆိုင်သည့် မေးခွန်းကိုလည်းကောင်း မေးမြန်းခဲ့ကြသည်။

အခြားသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ၎င်းတို့ဒေသနှင့်သက်ဆိုင်သည့် မေးခွန်းများကို မေးမြန်းခဲ့ကြပါသည်။

လွှတ်တော်တွင် နှစ်ပတ်လည် အစီရင်ခံစာ သုံးစောင်ကို ဖတ်ကြားခဲ့ပြီး ၎င်းတို့မှာ လွှတ်တော်ဥပဒေ ပြုရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ၊ လွှတ်တော်တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ် ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ခုနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီး ဒေါ်စန်းစန်းနွယ်က ထိုဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ထောက်ခံခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။