Wednesday, April 25, 2012

မေလတွင် ရန်ကုန်နှင့်မန္တလေး၌ နှစ်သိန်းနှင့်နှစ်သိန်းခွဲတန်ဖုန်းများ ဆက်သွယ်ပြောဆိုနိုင်မည်

မေလတွင် ရန်ကုန်နှင့်မန္တလေး၌ နှစ်သိန်းနှင့်နှစ်သိန်းခွဲတန်ဖုန်းများ ဆက်သွယ်ပြောဆိုနိုင်မည်



မေလ(၃)ရက်နေ့မှစ၍ ပြည်တွင်း GSM/UMTS Station ရှိသောမြို့များတွင် ကျပ်နှစ်သိန်းတန်GSM ဖုန်းများနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများ   ဆက်သွယ်ပြောဆိုနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
 
ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးမြို့များတွင် လိုအပ်သည့် စက်မှုပိုင်းဆိုင်ရာများ  ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် မတ်လ(၁၄) ရက်နေ့မှစ၍ GSM/WCDMA မိုဘိုင်းဖုန်းများကို တိုင်း၊ ပြည်နယ် အသီးသီးသို့ ယူဆောင်သွားနိုင်ပြီဖြစ်သည်။
 
“ ၅လပိုင်းကျရင် နယ်ကဖုန်းတွေလည်း ရန်ကုန်ယူလာလို့ရသလို ရန်ကုန်ကဖုန်းတွေလည်း နယ်ကိုယူသွားလို့ ရပါပြီ။” ဟု ရတနာပုံ Call Center မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုရှိတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၎င်း GSM ဖုန်းကဒ်နှင့် WCDMA မိုဘိုင်းဖုန်းများကို နယ်များတွင် မတ်လ ၁၄ ရက်နေ့မှ စတင်ရောင်းချခဲ့ပြီး ရန်ကုန်မြို့တွင် ဧပြီလဆန်းပိုင်းမှ စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နယ်များတွင်ဝယ်ယူထားသောဖုန်းများများမှာ ရန်ကုန်နှင့် မန္တလေးမြို့များသို့ ဖုန်းလိုင်းမရ သေးကြောင်း သိရှိရသည်။

ကျပ်နှစ်သိန်းတန် GSM များမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖုန်းအလုံးရေ (၇)သိန်းချပေးခဲ့ပြီး ကျပ်နှစ်သိန်းခွဲတန် WCDMA များမှာ ရန်ကုန်မြို့တွင် ဖုန်းအလုံးရေ (၅)သောင်းဝန်ကျင်ချပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖုန်းများသည် အင်တာနက်ချိတ်ဆက် အသုံးပြု၍မရသေးကြောင်းကို ရတနာပုံ call center မြန်မာ့ဆက် သွယ်ရေးဝန်ဆောင်မှုမှဖြေကြားချက်အရသိရှိရသည်။

“ကျွန်တော် မန္တလေးသွားရင် ဖုန်းက မန္တလေးမရောက်ခင် အုန်းချောရွာနားထိ မိတယ်၊ မန္တလေးမှာလိုင်းမိရင် ကောင်းတာပေါ့ဗျာ၊ ငါးလပိုင်းရောက်ရင် မန္တလေးမှာလည်း ကျွန်တော်တို့ ဖုန်းတွေ ဆက်သွယ်လို့ ရမယ်လို့ ကြားပါတယ်။” ဟု ပြင်ဦးလွင်မြို့က ကျပ်နှစ်သိန်းတန် GSM ဖုန်းကိုင်ဆောင်သူ လူငယ်တစ်ဦးကပြောသည်။


 ကောင်းမြတ်ဖြိုး(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။