Wednesday, April 25, 2012

ခေတ်နှင့်လျော်ညီမှုမရှိသည့် အခွန်ဥပဒေများ ပြင်ဆင်ခဲ့သော်လည်း နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရမည့် ၀င်ငွေခွန်ဥပဒေအား ပြင်ဆင်နေဆဲဖြစ်ကာ ယင်းဥပဒေ ပြင်ဆင်ပြီးပါက မြန်မာကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံမည်


နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် ဆီဒိုးနားဟိုတယ်(ရန်ကုန်)
ခေတ်ကာလနှင့် လျော်ညီမှုမရှိသည့် အခွန်ဥပဒေများအား ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက် မှ စတင်သက်ရောက်နေသော်လည်း ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရသည့်
ဝင်ငွေခွန် ဥပဒေကိုမူ ပြင်ဆင်ရေးဆွဲနေဆဲ ဖြစ်ပြီး ယင်းဥပဒေ ပြင်ဆင်ပြီးပါက နိုင်ငံခြားငွေဖြင့် လစာရရှိသူများမှာ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ၍ ၀င်ငွေ ခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန(နေပြည်တော်) မှ ညွှန်ကြားရေးမှူးဦးအောင်မိုးကြည်က ပြောကြားသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြည်တွင်းရှိ လုပ်ငန်းဌာနအသီးသီးတွင် ကျပ်တစ်သိန်းနှစ်သောင်းအထက် လစဉ်ဝင်ငွေရရှိသော ပြည်သူများအပေါ် စည်းကြပ်ကောက်ခံသည့် ၀င်ငွေခွန်ဥပဒေအား မတ်လအတွင်း အတည်ပြုပြင်ဆင်ခဲ့ပြီး ထိုပြင်ဆင်မှုသည် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ သက်ရောက်မည်ဖြစ်ကာ ထိုကဲ့သို့ ၀င်ငွေခွန် စည်းကြပ်ပြင်ဆင်မှုတွင် နိုင်ငံခြားငွေဖြင့် လစာရရှိသူများအတွက် ဥပဒေပြင်ဆင်နိုင်ခဲ့ခြင်း မရှိသေးကြောင်း  သိရှိရသည်။ 
လျော့ချလိုက်သည့် အခွန်နှုန်းထားများအရ လစာ ကျပ်တစ်သိန်း သုံးသောင်းခန့် ရရှိသူများသည် လစဉ် ၀င်ငွေခွန် ကျပ် ၂၀၀၀ခန့် ပေးဆောင် ရမည်ဖြစ်ပြီး လစာကျပ် နှစ်သိန်းခွဲ ၀န်းကျင်ရရှိသည့် ညွှန်ကြားရေးမှူးချုပ်တန်းဝင် လစာရရှိသူများမှာ လစဉ် ကျပ်နှစ်ထောင့်နှစ်ရာခန့် ၀င်ငွေခွန် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
''လျော့ချလိုက်တဲ့ အခွန်ဥပဒေအရ ညွှန်ကြားရေးမှူးချုပ်တောင် တစ်လ ကျပ်နှစ်ထောင့်နှစ်ရာဝန်းကျင်ပဲ အခွန်ဆောင်ရချိန်မှာ တစ်လ ဒေါ်လာ ၂၅၀ ပဲရတဲ့ ကျွန်တော်က တစ်လ ငါးဒေါ်လာ(၄၁၀၀ကျပ်ခန့်) ဆောင်ရတော့ များနေသလိုပါပဲ။ အခုက ၀င်ငွေခွန် လျော့ချထားတဲ့ အချိန် မို့လို့ ၂ ရာခိုင်နှုန်းပဲ ဆောင်ရတာ သြဂုတ်လကစပြီး ၁၀ ရာခိုင်နှုန်း အခွန်ပြန်ဆောင်ရရင် တစ်လကျပ် ၂၀၀၀၀ ကျော်အခွန်ဆောင်ရမှာ အရမ်းများပါတယ်။ အားလုံးကို အခွန်လျော့ချပေးသလို ကျွန်တော်တို့လို နိုင်ငံခြားငွေနဲ့ လစာရသူတွေကိုလည်း လျော့ပေးစေချင်ပါတယ်''ဟု ရေနံကုမ္ပ ဏီတစ်ခုမှကိုဉာဏ်စိုးက ပြောသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်တွင်းပြည်ပရှိ နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရမည့် ၀င်ငွေခွန်အား ယခင်ပေးဆောင်ရသည့် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ ၂၀၁၁ ခုနှစ် သြဂုတ်လတွင် စတင်လျော့ချပေးခဲ့ပြီး ပြည်ပရှိနိုင်ငံခြားငွေဖြင့် လစာရရှိသူများအပေါ်စည်းကြပ်ကောက်ခံသည့် ၀င်ငွေခွန် ဥပဒေအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင် ကင်းလွတ်ခွင့်ပေးခဲ့ကာ ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရ ရှိသူများအပေါ် စည်းကြပ်သည့်ဝင် ငွေခွန်လျော့ချမှုကိုလည်း ၂၀၁၂ ခု နှစ် သြဂုတ်လအထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ယင်းဝင်ငွေခွန်ဥပဒေအား အချိန်မီ ပြင်ဆင်နိုင်မှုမရှိပါက ပြည်တွင်းရှိ နိုင်ငံခြားငွေဖြင့် လစာရရှိနေသူများမှာ လက်ရှိလျော့ချထားသည့် အခွန်သက်တမ်း ကုန်ဆုံးလျှင် ၀င်ငွေခွန်၁၀ ရာခိုင်နှုန်းပြည့် ပြန်လည်ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။
''နိုင်ငံခြားငွေနဲ့ လစာရသူ တွေပေးရမယ့် ၀င်ငွေခွန်ဥပဒေ မပြင်နိုင်သေးတာက ငွေလဲနှုန်း နှုန်းရှင် မဖြစ်သေးလို့ပါ။ ငွေလဲနှုန်း နှုန်းရှင် သတ်မှတ်ပြီးလို့ ဥပဒေ အတည်ပြုနိုင်ပြီဆိုရင် မြန်မာကျပ်ငွေနဲ့ ပြောင်းလဲ ကောက်ခံမှာပါ။ အခုချိန်ထိတော့ ဒီဥပဒေနဲ့ပတ်သက်တဲ့ ဘာညွှန်ကြားချက် မှမရသေးပါဘူး''ဟု တာမွေမြို့နယ် အခွန်ဦးစီးမှူးက ရှင်းလင်းပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။