Wednesday, April 25, 2012

 ဟောင်းနွမ်း တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ် တင်သွင်းခွင့်ပြုမည်

 ဟောင်းနွမ်း တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ် တင်သွင်းခွင့်ပြုမည်





ဟောင်းနွမ်း တက္ကစီများအား လဲလှယ်ကာ အသစ်တင်သွင်းခွင့်ပြု သွားမည်ဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူ များထံမှ သတင်းရရှိပါသည်။

အိုမင်းဟောင်းနွမ်းနေသည့် တက္ကစီများအား အပ်နှံကာ ပြည်ပမှ အသစ်တင်သွင်းခွင့်ပြုရာတွင် လက်ရှိ ကားဟောင်းများကို အပ်နှံကာ အစားထိုး တင်သွင်းခွင့်ပြုသည့် မော်ဒယ်များအတိုင်း တင်သွင်းရန် ခွင့်ပြုပေးသွားမည်ဟု သိရှိရသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက''ဟောင်းနွမ်းနေတဲ့ တက္ကစီတွေကို လဲလှယ်ခွင့်ပြုဖို့ကတော့ အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပါပြီ။ လက်ရှိ ကားဟောင်းတွေကို လဲလှယ်ပေးတဲ့အခါ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ မော်ဒယ်အတွင်း ကားတွေ ပြန်တင်သွင်းခွင့်ပြုထား တယ်။ တက္ကစီတွေကိုလည်း ဒီအတိုင်းပဲ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် မော်ဒယ်အတွင်းကားတွေပြန်တင်သွင်း ခွင့်ပြုဖို့ကတော့ ကနဦး စီစဉ်ထားပါတယ်။ တခြား အသေးစိတ်အချက် အလက်တွေကတော့ စီစဉ်နေဆဲပဲဖြစ် ပါတယ်။ ဘယ်တော့ စမယ်၊ ဘယ်လို ကားတွေကို လဲလှယ်ခွင့်ပြုမယ်ဆိုတာ မျိုးကတော့ ထပ်ပြီး စီစဉ်နေဆဲပါ''ဟု ပြောကြားခဲ့ပါသည်။

လက်ရှိ ရန်ကုန်မြို့တော် အပါအ၀င် မြို့ကြီးအချို့တွင် ပြေးဆွဲနေသည့် တက္ကစီယာဉ်များထဲတွင် မြန်မာနိုင်ငံ၌ ယာဉ်မှတ်ပုံတင်ထားသည့် သက်တမ်းသည်ပင် နှစ် ၂၀ နီးပါး အထိရှိနေသည့် ယာဉ်အများအပြား ပါဝင်ပြီး အချို့အငှားယာဉ်များမှာ နံပါတ်သာမြင့်နေကာ ကားမှာလက်ရှိ အပ်နှံခွင့်ပြုထားသည့် ကားထက်ပင် ဆိုးဆိုးရွားရွား ဟောင်းနွမ်းနေသည့် အခြေအနေသို့ ရောက်ရှိနေသည်။

ဟောင်းနွမ်းကာ ကားဟူသော အင်္ဂါရပ်ဖြင့် မညီတော့သော အငှား ယာဉ်များသည် စီးနင်းသည့် ခရီး သည်အပြင် အခြားယာဉ်များကိုပင် အန္တရာယ်ဖြစ်စေခြင်း၊ ယာဉ်သွား လာမှုများပြားသည့် လမ်းမအလယ် တွင် မကြာခဏကားပျက်မှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားစေခြင်းများ ဖြစ်ပေါ်စေသည်။

တက္ကစီများအား အစားထိုးလဲ လှယ်ခွင့်ပြုရာတွင် မီတာစနစ်ကဲ့သို့ အချည်းအနှီး အလဟဿမဖြစ်စေဘဲ နိုင်ငံတကာကဲ့သို့ စနစ်ကျသည့် အငှားယာဉ် ကဏ္ဍမျိုးဖြစ်စေရန် ယခုကတည်းက စီစဉ်ဆောင်ရွက်သင့်ကြောင်း လေ့လာထားသူများက ပြောကြားခဲ့ကြပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။