Wednesday, April 25, 2012

ကနေဒါ ကလည်း ပိတ်ဆို့မှုတွေ ဆိုင်းငံ့

(ဓာတ်ပုံ - မတ်လ ၈ ရက်နေ့က ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံစဉ်)
 မြန်မာနိုင်ငံရဲ့ လတ်တလော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ ပိတ်ဆို့ အရေးယူမှု အများစုကို ယာယီ ဆိုင်းငံ့လိုက်တော့မှာ ဖြစ်ကြောင်း ကနေဒါ နိုင်ငံ ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဥရောပသမဂ္ဂ အီးယူ ရဲ့ မြန်မာအပေါ် ပိတ်ဆို့မှု တွေ ယာယီဆိုင်းငံ့လိုက်တဲ့ ကြေညာ ချက် ထွက်ပေါ်လာခဲ့အပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ John Baird က မနေ့က ထုတ်ဖေါ် ပြောဆို လိုက်တာပါ။

ကနေဒါ ရဲ့ ဆိုင်းငံ့လိုက်တဲ့ ပိတ်ဆို့မှုအများစုမှာ သွင်းကုန်၊ ပို့ကုန် နဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး၊ လူပုဂ္ဂိုလ်တွေ အပေါ် ပိတ်ဆို့အရေးယူ ထားတာတွေလည်းပါဝင်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ဒါပေမဲ့ လက်နက်အရောင်းအ၀ယ်ကိုတော့ ဆက်လက်ပိတ်ဆို့ထား မှာဖြစ်ပါတယ်။

ကနေဒါ နိုင်ငံဟာ ၁၉၈၈ ခုနှစ်ကတည်းက မြန်မာစစ်အစိုးရအပေါ်
ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေ ချမှတ် အရေးယူ ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီး က -

- ပိတ်ဆို့ အရေးယူတဲ့နည်းဟာ ဒီကနေ့ ခေတ်သစ်ကမ္ဘာမှာ ထိရောက်တယ် ဆိုတာ သက်သေသာဓကကောင်း တစ်ရပ်အနေနဲ့
ပြသလိုက်တာလို့ ဆိုနိုင်ပါလိမ့်မယ်၊ ကာယကံရှင်အစိုးရက
ပြုပြင်ပြောင်းလဲ လာတဲ့အခါမှာလည်း မိမိတို့အနေနဲ့ ကူညီအားပေး ရမှာဖြစ်ပါတယ်-လို့ ပြောဆိုပါတယ်။

ဆက်လက်ပြီး - မိမိတို့အနေနဲ့ အကောင်းမြင်သဘော နဲ့ မျှော်လင့်ချက် ထားပါတယ်၊ တချိန်တည်းမှာလည်း မိမိတို့ဟာ ရိုးအ သူတွေမဟုတ်ပါဘူး၊ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေမှာဖြစ်ပါတယ်၊ ကနေဒါ အနေနဲ့ မြန်မာနိုင်ငံမှာ အခုထက်ပိုတဲ့ ပြုပြင်ပြောင်းလဲမှုတွေ
မြင်ချင်ပါတယ်။ အလားတူ လိုအပ်လာရင် ပိတ်ဆို့မှုတွေ ပြန်လည် ချမှတ်ရမှာဖြစ်ပါတယ်- လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ John Baird က ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် ကနေဒါ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်တော့မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
RFA Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။