Wednesday, April 25, 2012

 မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ သိသိသာသာ တိုးတက်လာဖွယ်ရှိ၍ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ပြောကြား

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ သိသိသာသာ တိုးတက်လာဖွယ်ရှိ၍ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဧပြီလ ၂၃ ရက်နေ့က ပြောကြားခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
သီလ၀ါဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်



အာရှဖွံ့ဖြိုးရေးဘဏ် မန်နေဂျင်းဒါရိုက်တာ Rajat Nag က မြန်မာနိုင်ငံတွင် ကျပ်ငွေနှင့် အမေရိကန် ဒေါ်လာလဲလှယ်မှုစနစ်ကို ပြင်ပဈေးကွက် ပေါက်ဈေးပုံစံမျိုး သတ်မှတ်လိုက်မှုသည် အင်မတန်အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လမ်းပွင့်လာပြီဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတွင် သိသိသာသာ တိုးတက်လာဖွယ်ရှိရာ နိုင်ငံ၏ စီးပွားရေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အရေးကြီးကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် မန်နေဂျင်းဒါရိုက်တာက ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ခက်ခဲသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါမောက္ခ ဦးမော်သန်းက ''စီးပွားရေးပိတ်ဆို့မှု ဖြေလျော့ခံရမှုတွေနဲ့ နိုင်ငံအတွင်း ငွေလဲနှုန်းပြင်ဆင်မှု အပါအ၀င် စီးပွားရေးပြုပြင်ပြောင်း လဲမှုတွေအရ မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေးနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာမှာပါ။ စီးပွားရေး တည်ငြိမ်မှုဆိုတာ ဘယ်တိုင်းပြည်မှာမဆို ဘယ်အချိန်မှာမဆို လိုအပ်တဲ့ကိစ္စ ဖြစ်တယ်။ လူတွေလိုပါပဲ၊ နိုင်ငံတစ်နိုင်ငံချင်းက သူ့နိုင်ငံရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုတယ်'' ဟုလည်း ပြောကြားခဲ့သည်။

ပါမောက္ခဒေါ်ရီရီမြင့်က ၀င်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတွင် ကာလရှည်ထက် ကာလတိုသာ ၀င်ရောက်လာမှုများပါက တိုင်းပြည်စီးပွားရေး တည်ငြိမ်မှုအတွက် အန္တရာယ်ရှိနိုင်ကြောင်းလည်း သတိပေးပြောကြားခဲ့သည်။
ပါမောက္ခဒေါ်ရီရီမြင့်က ''လာမယ့်နှစ်တွေမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပါအ၀င် စီးပွားရေး တိုးတက်လာနိုင်တယ်။ ဒါပေမယ့် စီးပွားရေး တည်ငြိမ်မှုမရှိရင် ထင်သလောက် ဖြစ်လာမှာ မဟုတ်ဘူး။ အဓိကက ၀င်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို သတိထား စောင့်ကြည့်ရွေးချယ် စေချင်တယ်။ ကာလတို ရင်းနှီးမြှုပ်နှံမှုပဲ လာတာများပြီး ကာလရှည် ရင်းနှီးမြှုပ်နှံမှု မလာဘူးဆိုရင် တိုင်းပြည်စီးပွားရေး တည်ငြိမ်မှုအတွက် အန္တရာယ်ရှိနိုင်တယ်။ အဲဒါကြောင့် သတိရှိနေရမယ်။ အစိုးရကလည်း သတိထားမှ တည်ငြိမ်မှန်ကန်တဲ့ မူဝါဒကို ချမှတ်နိုင်မယ်။ သတိမပြု ရင် ငွေကြေးဈေးနှုန်း တည်ငြိမ်အောင် ထိန်းနိုင်မှာ မဟုတ်ဘူး။ ဗဟိုဘဏ်က ငွေကြေးဈေးနှုန်းကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့ အရေးကြီးတယ်။ နောက်ပြီး ကမ္ဘာစီးပွားရေးနဲ့ ပိုပြီး ချိတ်ဆက်လာနိုင်တဲ့အတွက် ကမ္ဘာ့စီးပွားရေးရဲ့ ရိုက်ခတ်မှုတွေ၊  သက်ရောက်မှုတွေကြုံရလာနိုင်တယ်။  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကာလတို ဆိုရင် ငွေပူဖြစ်ဖို့များတယ်။ ငွေပူ ဖြစ်ရင် မြန်မာနိုင်ငံလိုနိုင်ငံအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကာ လရှည်ရင်းနှီးမြှုပ်နှံမှုမျိုးဝင်လာအောင် ဆွဲဆောင်နိုင်ရမယ်''ဟု ပြောကြားခဲ့ သည်။

''ကာလရှည် ရင်းနှီးမြှုပ်နှံမှုဆို နည်းပညာနဲ့ အတွေ့အကြုံတွေ ရမှာဖြစ်ပေမယ့် စီးပွားရေး တည်ငြိမ်မှု မရှိရင် ၀င်လာမှာ မဟုတ်တာကြောင့် နည်းလမ်းတွေကို စဉ်းစားထားသင့်တယ်''ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။
ကာလတို ရင်းနှီးမြှုပ်နှံမှုပဲလာတာများပြီး ကာလရှည်ရင်းနှီးမြှုပ်နှံမှု မလာဘူးဆိုရင် တိုင်းပြည်စီးပွားရေး တည်ငြိမ်မှုအတွက် အန္တရာယ်ရှိနိုင်တယ်။ အဲဒါကြောင့် သတိရှိနေရမယ်။ အစိုးရကလည်း သတိထားမှ တည်ငြိမ်မှန်ကန်တဲ့ မူဝါဒကို ချမှတ်နိုင်မယ်။

''စီးပွားရေး တည်ငြိမ်မှုဆိုတာမှာ ဈေးနှုန်းတွေ တည်ငြိမ်မှုရှိဖို့ အရေးကြီးဆုံးပါ။ ဈေးနှုန်းတွေ ခဏခဏ တက်တာမျိုး၊ ဈေးနှုန်းပြင်တာမျိုး၊ ဈေးနှုန်း ပြောင်းတာမျိုး နည်းတယ်ဆိုရင် စီးပွားရေး တည်ငြိမ်တယ်လို့ ဆိုနိုင်ပါတယ်။ စီးပွားရေးကောင်းလာ၊ ဖွံ့ဖြိုးလာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာမယ်။ သုံးစွဲမှုတွေ များလာမယ်၊ ကုန်သွယ်မှုပမာဏ မြင့်လာမယ်၊ ငွေကြေးလည်ပတ်မှုတွေ များပြားလာမယ်။ အဲဒီလိုအခြေအနေမှာ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းနိုင်တဲ့ အရည်အချင်းက အဓိက အရေးကြီးဆုံး ဖြစ်လာမယ်။ ဈေးနှုန်းတွေထဲမှာ ငွေ ကြေးဈေးနှုန်းက အရေးကြီးဆုံးဖြစ်တဲ့အတွက် ငွေကြေးပေါ်လစီ ကောင်းမွန်ဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ အရင်းအနှီးဈေးကွက် မရှိသေးတဲ့အတွက် လူတွေလက်ထဲ ပိုနေတဲ့ငွေတွေထိန်းဖို့၊ အလွန်အကျွံ လည်ပတ်လာတဲ့ ငွေတွေကို ထိန်းနိုင်ဖို့ လိုတယ်။ အဓိက ကတော့ ဗဟိုဘဏ်မှာ ထိန်းကျောင်းနိုင်တဲ့ အရည်အချင်းရှိဖို့ အဓိကကျပါတယ်''ဟု ပါမောက္ခ ဦးမော်သန်းက ပြောကြားခဲ့သည်။

''မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ပြည်တွင်းပြည်ပ လုပ်ငန်းတွေ များပြားလာနိုင်တယ်။ သုံးစွဲလည်ပတ်လာတဲ့ ငွေကြေးတွေ များလာနိုင်တယ်။ နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုကို မထိခိုက်အောင် ထိန်းလို့ရတဲ့နည်းတွေလည်း အများကြီးရှိတယ်။ ငွေချေးစာချုပ်လို မျိုး၊ ရွှေထုတ်ရောင်းတာမျိုး၊ ပိုနေတဲ့ ငွေတွေဝယ်တာမျိုး၊ အခွန်ကောက် ခံတာမျိုးစတဲ့နည်းတွေနဲ့ထိန်းကျောင်းသွားလို့ ရနိုင်ပါတယ်။ အစိုးရအနေနဲ့ ယုံကြည်စိတ်ချရတဲ့ စီးပွားရေးပတ်ဝန်းကျင်ဖြစ်လာအောင် မူဝါဒ ချမှတ်နိုင်ဖို့ အစဉ်အဆက် ကြိုးစားဖို့ လိုတယ်။ အရင်တုန်းက မူဝါဒကို ဟိုပြောင်း ဒီပြောင်း ခဏခဏ လုပ်ခဲ့ဖူးပေမယ့် အခုအစိုးရလက်ထက်မှာတော့ ပါလီမန်က တစ်ဆင့်သွားမှာ ဖြစ်တာကြောင့် လုပ်ချင်တာလုပ်တာမျိုး နည်းသွားနိုင်မယ်လို့ ယူဆပါတယ်။ အဓိကကတော့ အပြောင်းအလဲ လုပ်ချင်တဲ့စိတ်၊ ပြောင်းလဲမှုမှာ တိုးတက်အောင်လုပ်ချင်တဲ့ သန္နိဋ္ဌာန်ရှိဖို့ပဲ လိုပါတယ်''ဟုပါမောက္ခ ဦးမော်သန်းက ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် အရေးယူပိတ်ဆို့မှုများကို အ မေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြား နိုင်ငံများက ဆိုင်းငံ့ဖြေလျော့မှုများ ပြုလုပ်လာပြီးနောက် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများသည် မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်တစား စုံစမ်းမှုများ ရှိလာနေ သည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်အစရှိသည့် အခြေခံအဆောက်အအုံများနှင့် စပ်လျဉ်း၍လည်း တိုးတက်မှုများ ရှိလာရန် ၎င်းတို့က လိုလားလျက်ရှိနေသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၏ ပွင့်လင်းမြင်သာမှု ရှိရန်ကိုလည်း မြင်လိုနေကြသည်။

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ယခုနှစ်တွင် ခြောက်ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၆ ဒသမ ၃ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။