Wednesday, April 25, 2012

တစ်ဖက်နိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ပြန်ပို့ခံရသည့် မြန်မာလုပ်သားများ မြ၀တီဘက်ကမ်းတွင် ငွေပေး၍ ရွေးယူနေရဆဲဖြစ်ကြောင်း သိရ


ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသော ရွှေ့ပြောင်းလုပ်သားများအား သောင်ရင်းမြစ်ဆိပ်ကမ်း တစ်နေရာတွင် တွေ့မြင်ရစဉ်
အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်ကြသည့် မြန်မာ့ရွှေ့ပြောင်းလုပ်သားများနှင့် အလုပ်လုပ်ရန် သွားကြဆဲ မြန်မာအများစုမှာ ဖမ်းဆီးခံနေကြရပြီး နယ်စပ်မြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ခြင်း ခံရသော်လည်း မြ၀တီဘက်ကမ်းရှိ ဂိတ်တွင် မိမိကိုယ်ကိုယ်ရွေး ယူနေရဆဲဖြစ်ကြောင်း သိရသည်။
''ပြည်တွင်းမှာရှိတဲ့ ယာတော၊ ကိုင်းတောမှာ တစ်နှစ်လုံးလုပ်မှ ငွေတစ်သိန်း၊ နှစ်သိန်းလောက်ရလို့ သူများတွေလို ထိုင်းမှာ အလုပ်သွားလုပ် မယ်ဆိုပြီး ထွက်လာတာ။ မြ၀တီ ရောက်တော့ ပွဲစားတွေစီစဉ်တဲ့ ခြေလျင်လမ်းက သွားရတယ်။ လက်ငင်း ငွေမချေနိုင်လို့ အကြွေးစနစ်နဲ့ ဘတ် (၁၈၀၀၀)ပေးရပါတယ်။ တောထဲမှာ ခြေလျင်သွားလိုက်၊ ကားနဲ့ သွားလိုက်နဲ့ သုံးရက်မြောက်တော့ ထိုင်းပုလိပ် တွေဖမ်းတာခံရတယ်။ နိုင်ငံပေါင်းစုံ ကလူတွေကို ချုပ်ထားတဲ့နေရာမှာ ရှစ်ရက်ထားပြီးမှ မြန်မာဘက်ကိုပြန် ပို့တာပါ။ ထိုင်းပုလိပ်တွေ၊ ထိုင်း လ၀ကတွေက မြန်မာပွဲစားတွေ လက်ထဲပြန်ထည့်လိုက်တာ။ မြန်မာဘက်ကမ်း ၉၉၉ ဂိတ်မှာ တစ်ယောက် ဘတ် ၁၂၀၀ နဲ့ ရွေးရပါတယ်။ မရွေးနိုင်သူတွေလည်း ရှိပါတယ်။ ငွေမပါတဲ့သူတွေအတွက် ငွေထုတ်ရွေးမယ့် အဆက်အသွယ် ရှာခိုင်းတယ်။ အဆက်အသွယ် မရလို့ မရွေးနိုင်တဲ့သူတွေကို ထိုင်းဘက်မှာရှိတဲ့ ကယ်ရီတွေနဲ့ ချိတ်ပြီးရေလုပ်ငန်း တို့ အလုပ်ကြမ်းတို့မှာ ရောင်းစားကြတယ်လို့ ကြားဖူးတာကြောင့် မိဘတွေဆီ မရမကဖုန်း ဆက်ပြီး ငွေပို့ခိုင်းရတယ်။ ဒီကပြန်ရင် ကိုယ့်ဆီမှာရှိတဲ့ အလုပ်ပဲလုပ်စားတော့မယ်''ဟု ဖြူးမြို့နယ် ကြာအင်းရွာမှ ကိုမြတ်သူက ပြောပါသည်။''ဖမ်းပြီး ပြန်ပို့ခံရတဲ့ မြန်မာလုပ်သား တစ်ရာကျော်မှာ သုံးပုံ နှစ်ပုံလောက်က မရွေးနိုင်ဘူး။ သူတို့က ထိုင်းကယ်ရီတွေ စီစဉ်သလို ပြန်လိုက်သွားသူတွေလည်း ရှိပါတယ်''ဟု ဖမ်းဆီးခံရသူ ကမမောင်းမှ ကိုအောင်မြင့်ထွန်းက ပြောပါသည်။

ထိုင်းနိုင်ငံနေရာအနှံ့အပြားတွင် မြန်မာအလုပ်သမားသုံးသန်းကျော် အလုပ်လုပ်ကိုင်လျက်ရှိရာ နည်းအ မျိုးမျိုးဖြင့်ဖမ်းဆီးခံရသော မြန်မာ လုပ်သားများ အပတ်စဉ်ရာချီပြန်ပို့ ခံနေရကြောင်းသိရသည်။ ပြန်ပို့ခံ မြန်မာလုပ်သားများမှာ အဆိုပါ ဂိတ်ရှိပွဲစားများထံတွင် ငွေပေး၍ရွေး ယူရသည့်အပြင် အထွက်ဂိတ်တွင် တစ်ဦးလျှင် ဘတ် ၂၀ ပေးရကြောင်းလည်း သိရသည်။
မြန်မာအလုပ်သမားအရေးတွင် နှစ်နိုင်ငံအစိုးရ၏ တရားဝင်ညှိ နှိုင်းဆောင်ရွက်မှုများ ပိုမိုကျယ်ပြန်ရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး အမည်ခံ လူအချို့၏ လုပ်ဆောင်ချက်များမှာလည်း တရားမျတမှုရှိ ရန်လိုအပ်ကြောင်း မြ၀တီမြို့အမှတ် (၄)ရပ်ကွက်မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကပြောသည်။        

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။