Wednesday, April 25, 2012

ပိတ်ဆို့မှုဆိုင်းငံ့သော်လည်း ရေထွက်ပစ္စည်းလုပ်ငန်း အကျိုးမများနိုင်သေး

ဧပြီ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ-(YPI )

မြန်မာနိုင်ငံအပေါ် ဥရောပ သမဂ္ဂ-EU က ပိတ်ဆို့ထားမှုများကို တစ်နှစ်ဆိုင်းငံ့လိုက်သော်လည်း အခွန်ကြီးမြင့်နေသေးခြင်းနှင့် ငွေလဲနှုန်းများကြောင့် ရေထွက်ပစ္စည်းတင်ပို့မှု လုပ်ငန်းအတွက် အကျိုးမများနိုင်သေးကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဝင်းကြိုင်ကပြောသည်။


“ရေထွက်လုပ်ငန်းက EU နဲ့နကိုကတည်းက sanction (စီးပွားရေးပိတ်ဆို့မှု )လုပ်ထားတာမရှိတော့ အထွေအထူး အကျိုးခံစားခွင့်တော့ မရဘူးပေါ့၊ ဒါပေမယ့် EU ကိုရေထွက်ပစ္စည်းတင်ပို့ရင် သူတို့ဘက်က အခွန် ၁၃.၇ ရာခိုင်နှုန်းကောက်တယ် အဲဒါကြောင့် ကျွန်တော်တို့ အခြား အခွန်လွတ်လပ်ခွင့် ပေးတဲ့နိုင်ငံတွေနဲ့ မယှဉ်နိုင်ဘဲ မပို့နိုင်ဘူးဖြစ်နေတာပေါ့” ဟု ၎င်းကဆိုသည်။

EU နှင့်ရေထွက်လုပ်ငန်း ကုန်သွယ်မှု ပြုလုပ်ရာတွင် အထက်ပါ ကောက်ခံနေသည့်အခွန် ကင်းလွှတ်ခွင့် ပြုမှသာလျှင် အကျိုးရှိနိုင်မည်ဖြစ်ပြီး အဆိုပါအခွန်ကင်းလွတ်ခွင့်ရရှိနိုင်ရန်လည်း Government to Government ( အစိုး ရ အချင်းချင်း)တောင်းဆိုမှသာလျှင် ရရှိနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက “ဘင်္ဂလာဒေ့ရှ်ဆို အခွန်သုညလေ သူတို့နဲ့မယှဉ်နိုင်ဘူး EU နဲ့ အဆက်ပြတ်နေတာ ၆ နှစ် ၇နှစ်လောက်ရှိပြီး၊ အခုကနည်းနည်းတော့ အခြေအနေကောင်းလာပြီးဆိုတော့ အခွန်ကင်းလွတ်ရေး အတွက်လည်း ဖြစ်လာမယ် လို့ထင်တယ်” ဟုဆိုသည်။

EU မှအခွန်လျော့ပေါ့ရန် (သို့) အခွန်ကင်းလွှတ်ခွင့်ရရှိရန်အတွက် အစိုးရအချင်းချင်းတောင်းဆိုသည့်အခါ မှာလည်း နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း(ILO) ဧ။်ထောက်ခံချက်ရရှိရန်လိုအပ်ပြီး ILO ကလည်း လုပ်သား အတင်းအကျပ်စေခိုင်းမှု မရှိမှသာလျှင်ထောက်ခံချက် ပေးလေ့ရှိသည်ဟု ၎င်းကဆိုသည်။

အလားတူ ရေထွက်လုပ်ငန်းတင်ပို့သူများ အနေဖြင့် လက်ရှိငွေလဲနှုန်း (တစ်ဒေါ်လာ ၈၀၀ကျပ် ကျော်ကျာ်)နှင့် အဆင်ပြေသည့် အနေအထား မရရှိသေးကြောင်း ငွေလဲနှုန်း ၉၅၀-၁၀၀၀ကျပ် ၀န်းကျင်ရရှိမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဦးနှင်းဦးက ကထောက်ပြသည်။

ယမန်နေ့က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးနှင့် အခြားပိတ်ဆို့မှုများအနက် လက်နက်ရောင်းချမှုမှလွဲ၍ ကျန်သည့်ပိတ်ဆို့မှုအားလုံးကို တနှစ်တာ ဆိုင်းငံ့ထားကြောင်း ဆုံးဖြတ်လိုက်ကြသည်။ ယင်းဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံမှ ဥရောပသို့ တင်ပို့သည့် ပြည်ပပို့ကုန်များအပေါ် ကန့်သတ်ချက်များ ရှင်းလင်းသွားမည်ဖြစ်သည်။
“EU ကသာ အခွန်ကင်းလွတ်ခွင့်ပေးရင် EU ကကျွန်တော်တို့ တကယ်အားကိုးရတဲ့ ဈေးကွက်ဖြစ်လာမှာပါ”ဟု ဦးဝင်းကြိုင်က ပြောသည်။

 
ဥရောပ သမဂ္ဂ နိုင်ငံခြားရေး အကြီးအကဲ ကက်သရင်း အက်ရှ်တန် (ဓါတ်ပုံ-)


ထို့အပြင် EU မှ ရေထွက်ကုန်ပစ္စည်း ကိုတင်ပို့ရာတွင် EU သတ်မှတ်သည့်စံချိန်စံနှုန်းအညီပြုလုပ်ရန်လည်း လိုအပ်လျက်ရှိပြီး EU ဈေးကွက်ကိုပြန်လည်လေ့လာရန် လည်းလိုအပ်သည်ဟု ဦးဝင်းကြိုင်ကဆိုသည်။
မြန်မာနိုင်ငံမှာရေထွက်လုပ်ငန်းတင်ပို့ရန်အတွက် လက်ရှိတွင် EU သတ်မှတ်သည့် စံချိန် စံညွှန်းနဲ့ ညီညွတ်သည့် စက်ရုံ ၁၃ ရုံရှိသည်။

မြန်မာနိုင်ငံမှ EU သို့တင်ပို့နေသည့် ရေထွက်လုပ်ငန်းမှာ အနည်းငယ်သာရှိပြီး အဓိကမှာ ပင်လယ်ငါးနှင့်ပုဇွန်တို့ဖြစ်ပြီး မွေးမြူရေးငါးများ တင်ပို့ခြင်း အလွန်နည်းပါးသည်ဟုဆိုသည်။

EU မှ ယခုကဲ့သို့ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု တစ်နှစ်ဆိုင်းငံ့ခြင်းသည် “မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ မှုတွေကို နောက်ပြန် မလှည့်သည့် အနေအထားကြောင့်” ဆိုင်းငံ့ခြင်းဖြစ်ကြောင်း EU ၏နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှတန်က ပြီးခဲ့သည့် တနင်္လာနေ့တွင်ပြောကြားခဲ့သည်။
ယခုသီတင်းပတ်ထဲတွင် ကက်သရင်း အက်ရှတန် မြန်မာနိုင်ငံကို လာရောက်ရန် ရှိကြောင်းသတင်းများတွင်ဖော်ပြထားသည်။

Yangon Press International

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။