ရန်ကုန်မြို့လယ် ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေ ဘုရား လမ်းထောင့်ရှိ ဂရင်း မီးရထား Residences နှင့် FMI စင်တာ နေရာ များတွင် အဆောက်အအုံသစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း FMI ဥက္ကဋ္ဌကပြောကြားသည်။

အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် ဂရင်းမီးရထား Residences ကို တစ်နှစ်အတွင်း ဖြိုဖျက် သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးသိမ်းဝေ ကပြောသည်။ ၎င်းအဆောက်အအုံများနှင့် တစ်ဝန်းထဲရှိ မီးရထားရုံးချုပ် အဆောက် အအုံဟောင်းနေရာ ကိုမူ ရှေးမူမပျက် ပြန်လည်ပြုပြင်၍ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြိုဖျက်မည့်နေရာတွင် ဟိုတယ်နှစ်လုံး၊ ကွန်ဒိုမီနီယမ်တစ်လုံး၊ Serviced Apartment တစ်လုံး၊ ရုံးခန်းတိုက်နှစ်လုံးနှင့် ရန်ကုန်မြို့၏ အကြီးဆုံး ရှော့ပင်းစင်တာတို့ ပါဝင်မည်ဖြစ်ကြောင်း ဦးသိမ်းဝေကပြောသည်။ ယင်းနေရာမှာ အကျယ်အ၀န်းအားဖြင့် ၁၀ ဧကရှိကြောင်း သိရသည်။ မီးရထားရုံးချုပ် အဆောက်အအုံဟောင်းကို ပြုပြင်မည့်အထဲတွင် အခန်းပေါင်း ၈၀ ရှိသော ကြယ်ငါးပွင့်အဆင့်ရှိသည့် ဟိုတယ်အပြင် မင်္ဂလာခန်းမနှင့် မြန်မာ့မီးရထား၏ သမိုင်းဝင်အချက်အလက်များကို ပြတိုက်အဖြစ် ပြသမည့် အစီအစဉ်များပါ ပါဝင်ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံ၏အောက်တွင် ကားစီးရေ ၁၃၀၀ ရပ်နားနိုင်သော ကားပါကင် ထည့်သွင်းမည်ဖြစ်သည်ဟု ဆိုသည်။ မကြာမီ စီမံကိန်း၏ ပထမအဆင့်ကို စတင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာ တွင်လည်း ဖော်ပြထားသည်။ ရှေးမူ မပျက် ပြန်လည်မွမ်းမံမည့် မီးရထားရုံးဟောင်း အဆောက်အအုံသည် ၁၈၇၇ ခုနှစ် တည်ဆောက်ခဲ့သော အဆောက်အအုံဖြစ်ပြီး ကိုလိုနီခေတ်ကျန် ရှေးဟောင်းအဆောက်အအုံဖြစ်ကာ Heritage Trust Zone ပါဝင်ထားသော အဆောက်အအုံဖြစ်သည်။
“မီးရထားရုံးချုပ်ကိုတော့ ဒီအတိုင်း ကြယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ် လုပ်မယ်ပြောတယ်။ ဒါပေမဲ့ တစ်ခုစိုးရိမ်တာက နောက်ဆောက်မယ့် အဆောက်အအုံက ဒီအဆောက်အအုံကို လွှမ်းမိုးတဲ့ဟာ မဖြစ်သင့်ဘူး”ဟု ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးပြုလုပ်နေသော မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းမြင့်ကပြောသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။