Friday, November 30, 2012

ဖုန်းအင်တာနက်သုံးစွဲခ လျှော့ချမပေးပါက ဆန္ဒထုတ်ဖော်မည်


 မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲမှုနှုန်းထားကို volumeအလိုက် ကောက်ခံရာ၌ သုံးစွဲခများပြားခြင်းကြောင့် လာမည့် ဒီဇင်ဘာလ(၁၅)ရက်နေ့ နောက်ဆုံးထား၍ ဈေးနှုန်းလျှော့ချ ကောက်ခံပေးခြင်းမရှိပါက တရားဝင်ဆန္ဒပြတောင်းဆိုသွားရန် အစီအစဉ်ရှိသည်ဟု မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ သိရသည်။


ကျွန်တော်တို့က အချိန်ပေးထားတာပါ။ ဒီဇင်ဘာ(၁၅)ရက်နေ့အတွင်းမှာဘဲ ဈေးနှုန်းတွေ ရပ်ဆိုင်းပေးမယ်ဆိုရင် ဆန္ဒပြမှုကို ရပ်ဆိုင်းပေးမှာပါ။ မလျှော့ပေးဘူးဆိုရင် ကျွန်တော်တို့ ဈေးနှုန်းကြီးမြင့်မှုကိုအခြေပြုရုံတင်မဟုတ်ဘဲ ဆက်သွယ်မှုနည်းပညာမှာ ခရိုနီကြီးတွေ အာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး လုပ်နေတာကိုပါ မီးမောင်းထိုးပြပြီး တရားဝင်ဆန္ဒပြ တောင်းဆိုသွားမှာပါ ဟု အစီအစဉ်ရှိသည်ဟု မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်ဦးဆောင်သူ နေမျိုးဇင်က ဆိုသည်။


၂၀၁၂ခုနှစ် ဒီဇင်ဘာ(၄)ရက်နေ့တွင် ဗဟန်းမြို့နယ်ရှိ ရဲတပ်ဖွဲ့မှူးရုံးတွင် တရားဝင်ဆန္ဒပြတောင်းဆိုခြင်းအား ပြုလုပ်မည်ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။


မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ဖုန်းဖြင့်အင်တာနက်အသုံးပြုခြင်းကို volumeအလိုက်ပြောင်းလဲ ကောက်ခံရခြင်းမှာ  ဖုန်းအင်တာနက် သုံးစွဲသူများသည် အင်တာနက်အသုံးပြုပြီး ဖွင့်ထားမိပါက ငွေကုန်သွားခြင်းတို့ကြောင့် အဆင်မပြေဖြစ်နေရခြင်းအတွက်ကြောင့်   ဖြစ်သည်ဟု မိုဘိုင်းဖုန်းအင်ဂျင်နီယာချုပ်ဦးဌေးဝင်းထံက သိရှိရသည်။


ဖုန်းအင်တာနက်သုံးစွဲခြင်းနှုန်းထားအား volume အလိုက်ကောက်ခံမည်ကို ပြောင်းလဲရန် အစီအစဉ်မရှိကြောင်းနှင့် ဆန္ဒပြမည်ဆိုပါကလည်း လွတ်လပ်သည့် ဒီမိုကရေစီစနစ်ဖြစ်ခြင်းကြောင့် တရားဝင်ဆန္ဒပြနိုင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောဆိုသည်။


ကျွန်တော်တို့ အခုလိုပြောင်းလဲ ကောက်တယ်ဆိုတာကလည်း ဈေးနှုန်းမများပါဘူး ၊အာဆီယံ+၃ ကိုကြည့်ပါ။ မိုဘိုင်းအင်တာနက်ဒေတာ rateတွေရှိတယ်၊ အဲ့ဒါကိုကြည့်ရင် အခုဈေးနှုန်းက အရမ်းချိုသာပါတယ်၊ ကျွန်တော်တို့ဆီက ကလေးတွေဆိုရင် အခုလို volumeအလိုက် ကောက်စေဖို့ မျှော်လင့်နေတာတဲ့ ၊ အင်တာနက်သုံးစွဲတဲ့အချိန်လိုက် ငွေဖြတ်ရင် အများကြီးကုန်ကျတယ်ဆိုလို့ကျွန်တော်တို့ ဒီလို ပြောင်းလဲကောက်ရတာပါ။ ဆန္ဒပြမယ်ဆိုလည်း ပြနိုင်ပါတယ်။ဒါပေမဲ့ ဆန္ဒပြ ၊ မပြ ကျွန်တော်ကတော့ ဒီဈေးနှုန်းအတိုင်း ကောက်ခံသွားမှာပါဟု မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောသည်။


ဖုန်းဖြင့်အင်တာနက်သုံးစွဲခြင်းကို volumeအလိုက် ပြောင်းလဲကောက်ခံခြင်းအား လက်မခံနိုင်ကြောင်း နှင့် ဒေါင်းလုတ်ဆွဲခြင်း ၊ ဘောလုံးပွဲရလာဒ်ကြည့်ခြင်းအားဖြင့် ယခင် တစ်မိနစ်(၂)ကျပ်ထက် ပိုမိုကုန်ကျနိုင်ကြောင်း အင်တာနက်သုံးစွဲသူများထံက သိရှိရသည်။


ဖုန်းနဲ့သုံးတာက ကျွန်တော်တို့ GSM ဆို တစ်မိနစ်ကို ၂ကျပ်ပဲကုန်တယ်၊ တစ်နာရီသုံးမှ ၁၂၀ ပဲကုန်တာဆိုတော့ သက်သာတာပေါ့။ ခုဟာက Kb နဲ့ပြောင်းလဲကောက်ခံမယ်ဆိုတော့ အဆင်မတန် များသွားတယ်၊ ကျွန်တော်ကြည့်နေကြ ဘောလုံးပွဲအဖြေပြနေတဲ့ ဆိုဒ်ကို ဖွင့်လိုက်ရင်တစ်မိနစ် မပြည့်ခင်မှာပဲ၊ Kb က ၆၀၀ လောက်ရောက်နေပြီ သူတို့ကောက်မဲ့ ဈေးနှုန်းအတိုင်းဆိုရင်တစ်မိနစ် ၁၂ ကျပ်လောက် ကုန်သွားပြီလေ နောက် ဒေါင်းလုဒ်ဆွဲမယ်ဆိုရင်ပိုဆိုးသွားမယ် “ ဟု မန္တလေးတိုင်းမြို့မှ ဖုန်းဖြင့် အင်တာနက်သုံးစွဲသူတစ်ဦးက ပြောသည်။


မြန်မာ့ဆက်သွယ်ရေးမှ ယခင် ဂျီအက်စ်အမ်ဖုန်းများအင်တာနက်အသုံးပြုခ တစ်မိနစ်လျှင် ၂ကျပ် ၊ WCDMA /CDMA 800များသည် တစ်မိနစ်လျှင် ၄ ကျပ်နှုန်းဖြင့် ကောက်ခံလျက်ရှိရာမှ လာမည့် ဒီဇင်ဘာလ ၁ရက် နေ့မှစ၍ သုံးစွဲချိန်နှင့် မကောက်ခံတော့ဘဲ ဒေါင်းလုတ်ဆွဲသော ပမာဏပေါ်မူတည်ပြီးမှသာကောက်ခံမည် ဖြစ်သည်ဟု သိရှိရသည်။


မိုဘိုင်းဖုန်းများ အင်တာနက်ဖွင့်ပြီး ပြန်မပိတ်မိပါက ငွေပေးဆောင်ရမှုမရှိခြင်း ၊ အင်တာနက်အသုံးမပြုမီ data Enable ပြုလုပ်ရုံဖြင့် ငွေပေးဆောင်ရမှုမရှိခြင်း (သို့သော်) ဒေါင်းလုတ်ဆွဲသော ပမာဏပေါ်မှုတည်ပြီးမှ100kb လျှင် ၂ကျပ် ၊ 200MB လျှင် ၁၅၀၀ ကျပ် ၊ 1GB လျှင် ၇၀၀၀ ကျပ်နှုန်းဖြင့်သာ ပြောင်းလဲကောက်ခံမည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။