Friday, November 30, 2012

လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက်နှိမ်နင်းမှုအား အထက်မြန်မာပြည် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (အထက်ဗမာပြည်) တို့မှ သဘောထားကြေညာချက်အသီးသီး ထုတ်ပြန်

လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက်နှိမ်နင်းမှုအား အထက်မြန်မာပြည် သံဃာတော်များနှင့် အထက်မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်တို့မှ သဘောထားကြေညာချက်အသီးသီးကို နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်တို့အား လက်နက်အသုံးပြုကာ နှိမ်နင်းဖြိုခွဲမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ မန္တလေးမြို့နှင့် အထက်မြန်မာပြည်ရှိ သံဃာတော်များမှ ရှုံ့ချကန့်ကွက်ကြောင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့က မန္တလေးမြို့ အိမ်တော်ရာဘုရား ၁၄ ခန်း ဇရပ်ရှေ့ရှိ အနောက်မြောက်ထောင့် ရင်ပြင်တော်ပေါ်တွင် ထိုင်သပိတ်ပြခဲ့ကြသည်။ ထိုကဲ့သို့ ထိုင်သပိတ်နှင့်အတူ အထက်မြန်မာပြည် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများကွန်ယက်( အထက်ဗမာပြည်)တို့မှလည်း အဆိုပါအရေးကိစ္စနှင့် ပတ်သက်၍ သဘောထားကြေညာချက် အသီးသီးကိုလည်း ထုတ်ပြန်ခဲ့ပါသည်။
လက်ပံတောင်းတောင် အရေးကိစ္စနှင့်ပတ်သက်၍ အထက်မြန်မာပြည် သံဃာတော်များမှ ထုတ်ပြန်သော သဘောထား ကြေညာချက်အရ သိရှိရသည်မှာ လက်ပံတောင်းတောင်တွင် သံဃာတော်နှင့် ပြည်သူများအပေါ် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကို အပြင်းအထန် ရှုံ့ချသည်။ ဤအဖြစ်အပျက်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ သံဃာတော်များအား တရားဝင် ၀န်ချတောင်းပန်ရမည်။ အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တာဝန်အရှိဆုံးဖြစ်သော သက်ဆိုင်ရာအစိုးရမှ သံဃာတော်များနှင့် ပြည်သူများ ကျေနပ်လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ ဆောင်ရွက်ပေးရမည်။ အကြမ်းဖက်ဖြိုခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိကြသော သံဃာတော်များနှင့် ပြည်သူများကို ပြည့်စုံလုံလောက်သည့် ကူညီစောင့်ရှောက်မှုနှင့် တစ်စုံတစ်ရာ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက် ပေးရမည်ဟု ပါရှိပါသည်။
ယင်းနည်းတူပင် နိုင်ငံရေးအကျဉ်းသားများကွန်ယက်( အထက်ဗမာပြည်)မှလည်း အကြမ်းဖက်ဖြေရှင်းမှုအပေါ် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ
မြေယာအသိမ်းခံ လယ်သမားများအရေး၊ လယ်တီဆရာတော်ဘုရားကြီး၏ သာသနာ့နယ်မြေ ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသော ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူများကို အင်အားသုံး အကြမ်းဖက်ဖြေရှင်းခဲ့ခြင်းမှာ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖော်ဆောင်နေပါသည်ဆိုသော အစိုးရတစ်ရပ်၏ လုပ်နည်းလုပ်ဟန် မဟုတ်ပါ။ ထို့ကြောင့် အဆိုပါ အကြမ်းဖက်ဖြေရှင်းခဲ့ခြင်းကို ကျွန်ုပ်တို့ နိုင်ငံရေးအကျဉ်သားဟောင်းများ ကွန်ယက်(အထက်ဗမာပြည်)မှ ပြင်းထန်စွာ ရှုံ့ချသည်။ အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးနှင့် ပတ်သက်ပြီး  ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရမည်။ အကြမ်းဖက်နှိမ်နင်းခဲ့ကြသော တာဝန်ရှိသူများအား အစိုးရမှ ဖော်ထုတ်အရေးယူပေးရမည်။ အဆိုပါအရေးနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရ နစ်နာသူများကို ပြေလည်သည်အထိ တာဝန်ယူဖြေရှင်းပေရမည်။ အဆိုပါအရေးနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် တောင်းဆိုသည်။ လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေသော ပြဿနာများ မပြေလည်မခြင်း လက်ပံတောင်းတောင် စီမံကိန်းအား ဆိုင်းငံ့ထားရမည်ဟူ၍ ပါရှိပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။