Friday, November 30, 2012

အကြမ်းဖက်မှုကို လက်မခံကြောင်းပြသရန် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ မီးလောင်ဗုံး အသုံးပြုနှိမ်နင်းခံခဲ့ရသော သပိတ်စခန်းများကို ၈၈ မျိုးဆက် ကျောင်းသားများ သွားရောက်မည်

အကြမ်းဖက်မှုကို လက်မခံကြောင်း ပြသရန်နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို အကူအညီပေးရန်အတွက် မီးလောင်ဗုံးအသုံးပြု နှိမ်နင်းခံခဲ့ရသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများကို ၈၈ မျိုးဆက်ကျောင်းသားများ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုသွားရောက်မည့် ခရီးစဉ်သည် ရည်ရွယ်ချက်သုံးချက်ဖြင့် သွားခြင်းဖြစ်ပြီး အချက်အလက်များ စုဆောင်းခြင်း၊ ဒဏ်ရာရရှိသူများ၊ ဒေသခံများ၏အသံများကို စုဆောင်းခြင်းများပြုလုပ်ကာ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သွားရောက်ရခြင်းနှင့်ပတ်သက်၍ “ အကြမ်းဖက်မှုကို လက်မခံဘူးဆိုတာကို ပြတဲ့အနေနဲ့ ဒဏ်ရာရသူတွေကို သွားတွေ့မယ်။ ဒေသခံတွေနဲ့လည်း တွေ့မယ်။ အဲဒီဒေသမှာရှိနေတဲ့ ဒဏ်ရာရသူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေကို တတ်နိုင်သမျှ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေပေးမယ်။ အကြမ်းဖက်နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ ကိစ္စအတွက် ဘယ်သူတွေမှာ တာဝန်ရှိတယ်။ ဘယ်သူတွေက လုပ်ခိုင်းတယ်ဆိုတာတွေအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ ဖွဲ့ဖို့တွန်းအားပေးသွားမယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောကြားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီအချိန်ခန့်မှ စတင်၍ လုံခြုံရေးရဲတပ်ဖွဲ့မှ မီးသတ်ပိုက်များ၊ မီးလောင်ဗုံးများအသုံးပြု၍ လူစုဖြိုခွဲခဲ့သောကြောင့် သံဃာတော်များအပါအ၀င် ရာဂဏန်းမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်မှုနှင့် ပတ်သက်၍ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ၈၈ မျိုးဆက် ကျောင်းသားများက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့စည်း စစ်ဆေးပေးရန် အလေးအနက် တောင်းဆိုပါကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပြီး နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များကလည်း ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
ခရီးစဉ်သို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မမီးမီး၊ မနီလာသိန်းတို့ အပါအ၀င် လူဦးရေ ၂၀ ခန့် လိုက်ပါသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။