Friday, November 30, 2012

လက်ပံတောင်းတောင်ကိစ္စ၌ အတတ်နိုင်ဆုံးကြိုးစားပေးမည့် ဒေါ်အောင်ဆန်းစုကြည်





 လက်ပံတောင်းစီမံကိန်းကြောင့်ပြောင်းရွှေ့ပြောင်းခံရသည့် ၀က်မှေးရွာ၊ ဆယ်တဲရွာ၊ ကံကုန်းရွာ၊ ဇီးတောရွာ တို့မှ ဒေသခံများ အပါအ၀င် မြေသိမ်းခံ ကျေးရွာများမှ ဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မုံရွာမြို့ ၀င်းယူနတီဟိုတယ်၌ နိုဝင်ဘာ(၃၀) ရက်နေ့ နေ့လည်ပိုင်းက တွေ့ဆုံအားပေးခဲ့သည်။
 

 
ကြေးနီစီမံကိန်း သပိတ်စခန်းများကို အကြမ်းဖက်နှိမ်နင်းခဲ့မှုနှင့်ပတ်သက်၍ ၄င်းအနေဖြင့်  ရဲဘက်မှတာဝန် ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင်၊ ကြေးစင်တောင်၊စပယ်တောင် ဒေသရှိပြည် သူလူထုများနှင့်တွေ့ဆုံရန် ထွက်ခွာလာသည့် NLDဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်မှာ နိုဝင်ဘာ (၂၉)ရက်နေ့ ညနေ၆နာရီဝန်းကျင်က ဒေသခံပြည်သူလူထုနှင့် တွေဆုံဟောပြောပွဲပြုလုပ်ခဲ့သည်။
 
 
အဆိုပါဟောပြောပွဲတွင် လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အတက်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြည်သူများကို လှည့်ဖျားသည့် နိုင်င်ငံရေးကို ဘယ်သောအခါမှ ပြုလုပ် မည် မဟုတ်ကြောင်း၊ မိမိတို့တိုင်းပြည်တွင်၏ အဓိကလိုအပ်ချက်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။
 
 
ဆက်လက်၍ ကြေးနီစီမံကိန်းနှင့်ပတ်သက်သည့် ပြဿနာရပ်များအား အေးအေးချမ်းချမ်းဖြင့် ပြေလည် သွားလျှင် ပြည်သူလူထုလည်း သက်သာနိုင်သလို နိုင်ငံ၏ဂုဏ်သိက္ခာလည်း တက်လာမည်ဖြစ်ကြောင်း အတိအလင်းထုတ်ဖော်ပြောကြားခဲ့ကြောင်းနှင့် ကြေးနီ စီမံကိန်းကိစ္စအား ဒေသခံများအနေဖြင့် ဂုဏ်သိက္ခာ ရှိရှိလုပ်ဆောင်သွားရန် လိုအပ်ကြောင်းကိုလည်း နိဂုံးချုပ်စကားဆိုခဲ့သည်။
 
 
ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ပံတောင်းတောင် ခရီးစဉ်သွားရောက်ခဲ့ခြင်းကြောင့် ဒေသခံများအနေဖြင့် အားတက်လျှက်ရှိကြောင်းကိုလည်း သိရသည်။
 
 
 
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံသွားမှာပါ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတစ်ရပ်လုံးနစ်နာစေမယ့်အလုပ်ကို မလုပ်ဘူးဆိုတာ ယုံကြည်ပါတယ်။ သူရောက်လာတော့ စိတ်လည်းချမ်းသာတယ် အားလည်းရှိတယ် အဘွားတို့ တောသူတောင်သားတွေက အားကိုးရာမဲ့နေတာ သူရောက်လာတော့ အရမ်းဝမ်းသာပါတယ်။ဟု ဒေသခံ အသက်(၈၀)အရွယ် အဘွားအိုတစ်ဦးက ပြောသည်။
 
 
ဒေသခံ တောင်သူလယ်သမားများအားလုံးအနေဖြင့် လယ်ယာဖျက်သိမ်းမှုများ၊ ကျေးရွာပြောင်းရွေ့မှုနှင့် တောင်ဖြိုမှုအား လုံးဝမလိုလားကြောင်း လက်ပံတောင်းတောင်စီမံကိန်းကြီး လုံးဝရပ်တန့်သွားရန်သာ လိုလား လျှက်ရှိကြောင်း ဟောပြောပွဲသို့ လာရောက်သည့် သောဆားလင်းကြီးမြို့နယ် ဒေသခံများထံမှ သိရှိရသည်။
 
 
 
နိုဝင်ဘာလ(၂၉)ရက်နေနေ့ နံနက်(၃း၀၀)နာရီက လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး အတွက် ဆန္ဒထုတ်ဖော်နေသောသပိတ်စခန်းများအား အာဏာပိုင်များဘက်မှ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
 
 
ရဟန်းသံဃာတော်များနှင့် ပြည်သူများဒုက္ခခံစားနေရခြင်းအား မကြည်ရက်ကြောင်း။ အစိုးရနဲ့ပြည်သူလူ ထုကြား နှစ်ဦးနှစ်ဖက်သံသယများပြီးအမုန်းမပွားစေချင်ကြောင်း။ သဘာဝသယံဇာတများ ပျက်စီးသွားမှာ ကိုလည်း မလိုလားကြောင်း။ အေးအေးဆေးဆေးငြိမ်းငြိမ်းချမ်းချမ်းနှင့် အဆုံးသပ်သွားစေလိုကြောင်း မုံရွာမြို့ခံ တစ်ဦးက ၎င်း၏ ဆန္ဒအား ပြောကြားခဲ့သည်။
 
 
 
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း(လုံးဝ)ဖျက်သိမ်းရေးအတွက် အထွေထွေသပိတ်စခန်း(၆)ခုတွင် ငြိမ်းချမ်းစွာ   မေတ္တာပို့ဆန္ဒဖော်ထုတ်နေသော သံဃာတော်များနှင့် ကျေးရွာပြည်သူများအား အာဏာပိုင်များ ဖက်မှ(၂၉)ရက်နေ့ နံနက်သုံးနာရီအချိန်ခန့်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ဖျက်ဆီး ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
 
 
အာဏာပိုင်တွေက မနက်သုံးနာရီလောက်မှာ သပိတ်စခန်းမှာရှိတဲ့သူတွေအားလုံးကို သပိတ်စခန်းက နေထွက်ခွာဖို့ ၅မိနစ်အချိန်ပေးမယ် မဆုတ်ခွာဘူးဆိုရင် တရားဥပဒေအတိုင်း လုပ်မယ်လို့ပြောပြီးတော့ မီးသက်ပိုက်တွေနဲ့ထိုးတယ်။ ဆလိုက်မီးမှောင်းတွေနဲ့ သပိတ်စခန်းတွေထဲ ထိုးပြီးတော့ မီးကျည်တွေဖောက်ပြီး မီးလောင်ဗုံးတွေနဲ့ ပစ်တယ်။ မျက်ရည်ယိုဗုံးတွေနဲ့ ဆက်တိုက်ပစ်ပြီး ၀မ်ပေါင်ဆိုဒ်ရှေ့သပိတ်စခန်းက ရဟန်း သံဃာတော်တွေနဲ့ ပြည်သူတွေကိုအာဏာပိုင်တွေက ရာဘာတုက်တွေနဲ ၀င်ရောက် အကြမ်းဖက်နှိမ်နင်းလို့ ဒဏ်ရာတွေနဲ့ ဆုတ်ခွာခဲ့ရတယ်။ဟု ဒေသခံတစ်ဦးက ဆိုသည်။
 
 
အာဏာပိုင်များ၏အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူ(၃၀)ကျော်ဒဏ်ရာရခဲ့ပြီး သံဃာတော်(၂၄)ပါး မီးလောင်ဗုံဒဏ်ကြောင့် ဆေးရုံတင်ထားရကြောင်း ၄င်းသပိတ်စခန်းတွင် ပါဝင်သူများထံမှ သိရသည်။
 
 
လက်ပန်တောင်းတောင်လုံးဝရပ်ဆိုင်းရေးတွင် ပါဝင်ဆောင်ရွက်နေသော ၀က်မှေးကျေးရွာသူ မဖြူဖြူဝင်းမှာ မီးလောင်ဗုံးဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရပြီး ဆည်တည်းကျေးရွာမှ ဒေသခံတောင်သူ လေးဦးမှာ မီးကျည်ကြောင့် ဒဏ်ရာများရခဲ့သလို ရန်ကုန်မှယင်းအထွေထွေသပိတ်အား လာရောက်ကူညီသူကိုသားကြီး ကယားပြည်နယ်မှ ရိက္ခာများလာရောက်ထောက်ပံ့သူနှစ်ဦးမှာလည်း မီးကျည်ကြောင့် ယမ်းလောင်ဒဏ်ရာများ ရရှိသွားကြောင်း သိရသည်။
 
 
ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော်တို့မှာ အပ်တိုတစ်ချောင်းတောင် မရှိပါဘူး။ သံဃာတော်တွေရော ပြည်သူရောက ဘာလက်နက်မှမရှိပဲ မေတ္တာပဲပို့နေကြတာပါ။ သူတို့လုပ်ရင် ခံရမှာပါ။ သူတို့က ဆက်လုပ်ချင်တဲ့ သဘောလား ဒါမှမဟုတ် မေတ္တာပို့နေတဲ့သူတွေကို နှိပ်စက်တဲ့သဘောလား ဒါပဲရှိတယ်။ ပြည်သူတွေက ဒီလုပ်ငန်း ရပ်ဆိုင်းချင်လို့ လုပ်ငန်းဆက်လုပ်လို့မရအောင် ဆန္ဒထုတ်ဖော်ထားတာပဲရှိတာ သူတို့လုပ်ငန်း အပေါ်မှာ ဘာမှအန္တရယ်ပေးတာမှ မဟုတ်ပဲ။ သူတို့ပစ္စည်းလည်း ဖျက်စီးတာမရှိဘူး ဆဲရေးတိုင်းထွာတာလည်း လုပ်တာ မဟုတ်ဘူး။ မျက်ရည်ယိုဗုံးတွေမီးလောင်ဗုံးတွေနဲ့ ထုတာကတော့သက်သက်မဲ့ ပြည်သူလူထုအပေါ် မထောက်မညှာလုပ်တာပဲ။ ကျွန်တော်တို့ ဒီကိစ္စကိုရှုံ့ချပါတယ်။ဟု တုံကျေးရွာမှဒေသခံ ဦးဇော်ဝင်းက ရှင်းပြသည်။
 
 
လက်ပံတောင်းတောင်အရေးတွင် မီးလောင်ဒဏ်ရာရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးမှ ဆရာတော်ကြီးများ အား မုံရွာဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်းကိုလည်း သိရသည်။ ဒဏ်ရာရသံဃာ တော် များရှိရာသို့ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င်  အဖွဲ့အစည်းများမှ လာရောက်လှူဒါန်းမှုများရှိကြောင်း ကိုလည်း သိရသည်။
 
 
လက်ပံတောင်းတောင်အရေးဆန္ဒပြသူများကို အင်အားသုံးဖြိုခွင့်းခြင်းနှင့်ပတ်သက်၍ ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးအိမ်တော်ရာ ဘုရားဝင်းအတွင်းနှင့်ု ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ တွင် သံဃာတော်များမှ   နိုဝင်ဘာ(၃၀)ရက်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
 
  အဆိုပါဒေသတွင် လက်ပန်တောင်တောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အထွေထွေသပိတ်တွင် အာဏာပိုင်များဖက်မှ အကြမ်းဖက်တိုက်ခိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊  ဒေသခံများကိုယ်စား လက်ပံတောင်းတောင်အရေးအား ဘ၀နှင့်ရင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါဝင်လှုပ်ရှားနေသူတစ်ဦးက ဆိုသည်။
 
 
ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တဲ့ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့တောင်သူလယ်သမားတွေရဲ့ ဘ၀တွေက လက်တစ်ဆုပ်စာ လူတစ်စုအတွက် အသုံးချခံတွေဖြစ်နေရတယ်။ အစိုးရနဲ့တိုင်းတစ်ပါးသားတွေရဲ့ လိုသလို ခြယ်လှယ်အမြတ်ထုတ် မှုတွေအောက် မှာ တောသူတောင်သားတွေရဲ့ ဘ၀တွေကိုရေစုန်မျှော မခံနိုင်ဘူး။ မြန်မာလူမျိုးမြန်မာပြည်သားတစ်ယောက်အနေနဲ့ ပွင့်လင်းထင်သာအောင် ကျွန်တော်တို့ ဘ၀တွေနဲ့ရင်းပြီး လုပ်ဆောင်သွားမှာပါ။ဟု လက်ပန်တောင်းတောင်အရေးတွင် ပါဝင်လှုပ်ရှားနေသော ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက်မှ ကိုသားကြီးက သုံးသပ်သည်။


myit makha media group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။