Friday, November 30, 2012

ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတား ၂၀၁၃ နှစ်ကုန် အပြီးဆောက်မည်


ဘုရင့်နောင်တွင် တည်ဆောက် မည့် နှစ်ထပ် ခုံးကျော် တံတား (နှစ်မြွှာ တံတား) ကို ၂၀၁၃ ကုန်တွင် အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း တာဝန် ယူတည်ဆောက်မည့် FMI ကုမ္ပဏီ အလုပ်အမှုဆောင် ဒါရိုက်တာဦးလင်းမြတ်က ပြောကြားသည်။
 ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတား ၂၀၁၃ နှစ်ကုန် အပြီးဆောက်မည်

ယင်းနှစ်မြွှာတံတား တည်ဆောက်မှုအတွက် ကုန်ကျစရိတ်မှာ အကြမ်းဖျင်းတွက်ချက်မှုအရ အမေရိကန်ဒေါ်လာ ၂၅ သန်း ကုန်ကျမည်ဖြစ်သည်။ တံတားတည်ဆောက်မည့် ကုန်ကျစရိတ်အားလုံးကို ကုမ္ပဏီက လတ်တလောတာဝန်ယူရမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတော်မှ ကုန်ကျစရိတ်ကို ပြန်လည်ပေးရမည်ဖြစ်ကြောင်း ဦးလင်းမြတ်ကပြောကြားသည်။ ဘုရင့်နောင်တွင် တည်ဆောက်မည့် နှစ်ထပ်ခုံးကျော်တံတားအတွက် ၄ လမ်းသွားအဖြစ် မြို့ထဲမှ အင်းစိန်ဘက်ခြမ်းသွားမည့် အောက်လွှာရှိတံတားအတွက် ပိုင်တိုင်များ တူးဖော်ခြင်းကို ပြီးခဲ့သည့် သီတင်းပတ်တွင်း စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဘုရင့်နောင်နှင့် ဘူတာရုံလမ်းဘက်ကို ကူးပေးမည့်အပေါ်ထပ်ရှိ နှစ်လမ်းလွှာတံတားအတွက် ပြင်ဆင်မှုများကိုမူ မစတင်ရသေးကြောင်း သိရသည်။ တံတားများ တည်ဆောက်ပြီးစီးပါက ဘုရင့်နောင်တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းနိုင်မည်ဟု ယူဆရသော်လည်း လမ်းဘေး၌ရပ်ထားသော ကားများနှင့် လမ်းပြောင်းပြန်မောင်းသောကားများ အပါအ၀င် စည်းကမ်းဖောက်ဖျက်သည့် ကားများကို ထိရောက်စွာ အရေးယူပေးမှသာ ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ဘုရင့်နောင်တွင် နေထိုင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။ လက်ရှိတွင် ဘုရင့်နောင်၌ ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန် လမ်းဘေးတွင်ရပ်သော ကားများကို ဒဏ်ငွေ ကျပ် ၁၀၀၀၀ တပ်ရိုက်မည်ဟု တရားဝင်စာများ ကပ်ထားသော်လည်း ရပ်နေဆဲပင်ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှုများလည်း ပုံမှန်ဖြစ်ပွားနေကြောင်း ဘုရင့်နောင်တွင် နေထိုင်သူများကပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။