Friday, November 30, 2012

တရုတ်သို့ အရွယ်စုံ ဆိတ်များ တင်ပို့နေ ခြင်းကြောင့် ဆိတ်သားဈေးမြင့် တက်လာ


တရုတ်နိုင်ငံသို့ မြန်မာ့ဆိတ်များ အရွယ်စုံ တရားမ၀င် တင်ပို့နေမှုကြောင့် ပြည်တွင်း၌ ရှားပါးလာကြောင်း မွေးမြူရေး လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။

“တရုတ်နိုင်ငံက ငါးပိဿာ၊ ခြောက်ပိဿာအရွယ်တွေကိုပါ မတန်တဆ၀ယ်တော့ အကောင်လေးတွေက ကြီးမလာနိုင်ကြတော့ဘူးပေါ့။ အဲဒီ့ထက်ဆိုးတာက ဆိတ်မလေးတွေ၊ မဒန်းလေးတွေပါ အကုန်ဝယ်နေပြီး ခိုးပို့နေတာပဲ” ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ကြောင့် ပြည်တွင်းဆိတ်သားဈေးနှုန်းမှာ ယခုနှစ် ဇွန်လက တစ်ပိဿာလျှင် ၃၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ယခုအခါ အသားခြမ်းဈေးနှုန်း ၇၀၀၀ ကျပ်နှင့် အသား လက်လီဈေးနှုန်း ၁၂၀၀၀ ကျပ်ထိဖြစ်လာကာ ဈေးဆက်လက်တက်လာမည်ကို စိုးရိမ်နေရကြောင်း အမဲသားနှင့် သိုးဆိတ် ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးလှစိန်က ပြောသည်။ “ဆိတ်သားဈေးနှုန်းကမြင့်လာတော့ လူမမာစာ၊ ဟိုတယ်စာဖြစ်လာပြီး ကလေးငယ်တွေအတွက်တောင် အာဟာရအတွက် မစားနိုင်တော့ဘဲ ကြာရင်တော့ မျိုးသုဉ်းလာနိုင်ပါတယ်” ဟု ဦးလှစိန်က ပြောသည်။
ယခုနှစ်ကုန်ပိုင်းတွင်ဆိတ်များအား တရားမ၀င်ပြည်ပသို့ တင်ပို့နေသူများက ဈေးမြှင့်ကာ ပေးဝယ်နေသောကြောင့် ၎င်းတို့နှင့် ယှဉ်ပြိုင် မ၀ယ်နိုင်တော့ဘဲ ယခင်က တစ်နေ့လျှင် အကောင် ၄၀၀ မှ ၂၀၀ သာ ရောင်းပေးနိုင်တော့ကြောင်း လှိုင်သာယာမွေးမြူရေးဇုန်မှ သိုးဆိတ်လုပ်ငန်းရှင် ဦးလှရွှေကပြောသည်။ တရားမ၀င်ဆိတ်တင်ပို့သူများက တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်နေသော ဆိတ်ကောင်ရေ ၂၀၀၀ ခန့် မူဆယ်မြို့တွင်ရှိနေပြီး မန္တလေးနှင့် မိတ္ထီလာမြို့များမှ ၀ယ်ယူလာသောဆိတ်များဖြစ်ကြောင်း သတင်းရရှိသည်။ ထိုကဲ့သို့ ဆိတ်မျိုးများ ရှားပါး မသွားစေရန် မြန်မာပြည် အလယ်ပိုင်းတွင် သာ လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနေမည့်အစား အခြားနိုင်ငံများနည်းတူ ၀က်မွေးသကဲ့သို့ အမိုးအကာအောက်တွင် မွေးမြူသော စနစ်ကိုကျင့်သုံးသင့်ကြောင်း မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။