Friday, November 30, 2012

 ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် မိုးထစ်ချုန်းရွာသွန်းမှုများဖြစ်ပေါ်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် မိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်သော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် စသည်တို့တွင် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
''ဒီလေဖိအားနည်းရပ်ဝန်းက နောက် ၄၈ နာရီလောက်အတွင်းမှာ အားကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်းမှာ မိုးရရှိ နိုင်တယ်။ ဒီဇင်ဘာလ ၂ ရက်၊ ၃ ရက်လောက်အထိ မိုးရွာနိုင်ပါတယ်။ လောလောဆယ်တော့ မြန်မာနိုင်ငံအနေနဲ့ သတိပြုရမယ့် မုန်တိုင်းကြီးအဆင့်လောက် မရောက်ဘူးလို့ ခန့်မှန်းထားပေမယ့် ဆက်လက်စောင့် ကြည့်နေပါတယ်''ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်က ပြောကြားခဲ့သည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး စသည့် ဒေသတို့တွင်လည်း နေရာကွက်၍ မိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သည်ဟု သိရှိရသည်။
အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ အောက်တိုဘာလဆန်းပိုင်းတွင် ဆုတ်ခွာခဲ့ပြီဖြစ်ပြီး လက်ရှိကာလသည် မိုးလွန်ကာလဖြစ်သည်။မြန်မာနိုင်ငံတွင် မုန်တိုင်းကို သတိပြုရသည့်ကာလတို့သည် မိုးကြိုကာလဖြစ်သော ဧပြီနှင့်မေ၊ မိုးလွန်ကာဖြစ်သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။