Friday, November 30, 2012

နိုင်ငံတော် တာဝန်ရှိသူများ၏ အိမ် လုပ်သားများအတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု


ကာကွယ်ရေး ဦးစီး ချုပ်ဟောင်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေ အပါအဝင် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော် တာဝန် ထမ်း ဆောင်ခဲ့ ဖူး သူများနှင့် အစိုးရသစ် ပြည်ထောင်စု အဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ် လုပ်သားများ အတွက် ထောက်ပံ့ ငွေအဖြစ် ကျပ်  သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြု ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြားသည်။


“ခွင့်ပြုပြီးသား ငွေက ကျပ် သန်းပေါင်း ၃၅၁ ဒသမ ဝ၁၀ သန်း ပါ၊ ထပ်မံတောင်းခံတာက အငြိမ်း စား ပုဂ္ဂိုလ်ကြီးတွေအတွက် ၁၆၉ ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေ အတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစု ပေါင်း ၁၉၇ ဒသမ ဝ၅၂ သန်းပါ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမင်းသူက ပြောသည်။
၂၀၁၂ - ၂၀၁၃ ခုနှစ် ဖြည့် စွက်ရန်ပုံငွေ တောင်းခံရာတွင် အငြိမ်းစားပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့ တာဝန်ထမ်းဆောင် လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်း ချက်နှင့် ဥယျာဉ်လုပ်သား ၄၁၇ ဦးအတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အိမ်လုပ်သားတစ်ဦးလျှင် ကျပ်သုံး သောင်း ခံစားခွင့်ပြုထားသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ရွာ နှင့်အိုးအိမ်ဦးစီးဌာနမှ ပြည်ထောင်စု လွှတ်တော်သို့ တောင်းခံခဲ့ခြင်းဖြစ် သည်။
ထောက်ပံ့ငွေ ရရှိသူများမှာ နိုင်ငံတော် အကြီးအကဲ ဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေပြည်တော်ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန်ထမ်း ဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ဖြစ် ကြောင်း လွှတ်တော်သို့ တောင်းခံ သောစာရင်းတွင်ဖော်ပြထားသည်။
နိုင်ငံတော် အကြီး အကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၏အိမ်တွင် ထမင်းချက် ငါးဦး၊ အိမ်အကူ ငါးဦးနှင့် ဥယျာဉ်လုပ် သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ ၅၄ သိန်း တောင်းခံထားပြီး အငြိမ်းစား ဒုတိ ယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်တွင် အိမ်လုပ်သား ၄ ဦးစီဖြင့် တစ်နှစ်စာ ၄၃ သိန်းနှစ်သောင်း တောင်းခံထားသည်။
နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးခင် ညွန့်မှာမူယခု ထုတ်ပြန်သော စာရင်းတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိ သလို ဒုတိယဗိုလ်ချုပ်ကြီး ဝင်းမြင့် လည်း မပါဝင်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး က ပြောသည်။
ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၁၀၂ ဦးမှာ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ၊ ပြည် ထောင်စုဝန်ကြီး ၃၁ ဦး၊ ခုံရုံး ဥက္ကဋ္ဌ၊ကော်မရှင်ဥက္ကဋ္ဌ၊ တရားလွှတ် တော်ချုပ်တရားသူကြီး ခြောက်ဦး၊ ခုံရုံးအဖွဲ့ဝင် ရှစ်ဦး၊ ကော်မရှင်အဖွဲ့ ဝင် ခြောက်ဦး၊ ဒုတိယဝန်ကြီး ၄၁ ဦးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝင် ငါးဦးတို့ဖြစ်သည်။
နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ဖူး သူ ၆၇ ဦးမှာ တရားသူကြီးချုပ် ဦးအောင်တိုး၊ ရှေ့နေချုပ်ဦးအေး မောင်၊ ဝန်ကြီးဦးသောင်း (သိပ္ပံနှင့် နည်းပညာ)၊ ဦးဌေးဦး(လယ်/ ဆည်)၊ဦးတင်ထွဋ်(သမ)၊ဦးအောင် သောင်း(စက်မှု)၊ အပါအဝင် ဦးမောင်ဦး၊ ဦးစိုးသာ၊ ဦးသိန်းဆွေ၊ ဦးလွန်းသီ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးမောင်မောင်သိန်း၊ ဦးစိုးသာ၊ ဒေါက်တာ ကျော်မြင့်၊ဒေါက်တာချမ်းငြိမ်းနှင့် ဦးအောင် သိန်းလင်းတို့ဖြစ်ကြပြီး အများစုမှာ လက်ရှိအချိန်၌ လွှတ်တော် ထဲတွင် ရောက်ရှိနေကြသည်။
အခြား ပုဂ္ဂိုလ်များမှာ ယခင် နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ဇနီး၊ ရန်ကုန်မြို့ တော်ဝန်ဟောင်း ဦးကိုလေး၊ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)များဖြစ်ကြသည့် ဦးခင်မောင် သန်း၊ ဦးရဲမြင့်၊ ဦးအောင်ထွေး၊ ဦးကျော်ဝင်း၊ ဦးသိန်းထွန်းနှင့် ဗိုလ်မှူးချုပ်အေဘယ်၊ ဝန်ထမ်းရွေး ချယ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်စော ထွန်း၊ ဗိုလ်ချုပ်စောလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်ရှိန်၊ ဦးသောင်းညွန့်နှင့် ယခင်နဝတအဖွဲ့ဝင်ဟောင်း ဦးမျိုးညွှန့်၊ ဦးကျော်ဘ၊ ဦးသိန်း ဝင်း၊ဝန်ကြီးဦးသန်းညွန့်၊ဦးသောင်း ညွန့်၊ ဦးခင်မောင်ရင်၊ ဦးအုန်းကျော် နှင့် ဦးအောင်ရဲကျော်၊ ဗိုလ်မှူးချုပ် လွန်းမောင်၏ဇနီးနှင့် ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင် ခင်နှင့် ဦးတင်ထွန်းတို့ဖြစ်ကြသည်။
၎င်းတို့မှာ အိမ်အကူနှင့် ဥယျာဉ်လုပ်သား တစ်ဦးစီ ရရှိကြ သည်။ အငြိမ်းစား ပုဂ္ဂိုလ်ကြီးများ အတွက် သာမန်အသုံးစရိတ်အဖြစ် ဖြည့်စွက်တောင်းခံငွေ ၁၆၉ ဒသမ ၅၆ သန်းကို လွှတ်တော်မှ အတည် ပြုပေးခဲ့သည်။
“အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ ဦးတင်အောင်မြင့်ဦးကို ရှစ်လစာ နေအိမ်စရိတ် ကျပ် ၁၆ သန်းနဲ့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတွေ အတွက် နေအိမ် ငှားရမ်းခ ၇ ဒသမ ၈၃၀ သန်း လည်းပါ,ပါတယ်”ဟု ဦးမင်းသူ က ဆိုသည်။
ထောက်ပံ့ကြေး တောင်းခံ သောစာရင်းတွင်သမ္မတနှင့်ဒုတိယ သမ္မတများမပါဝင်ရခြင်းမှာ ၂၀ဝ၈ အခြေခံဥပဒေအရ သီးခြားခံစား ပိုင်ခွင့်ရပိုင်ခွင့်များ ရရှိထားသော ကြောင့်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကပြောသည်။
အငြိမ်းစား ဝန်ထမ်းများကို အငြိမ်းစားပင်စင်လစာငွေ အကျိုး ခံစားခွင့်ပေးသင့်သော်လည်း “နှစ်သီးစားတွေကိုတော့ ထိထိရောက် ရောက် စိစစ်သင့်တယ်၊ နိုင်ငံတော်ရဲ့ အကျိုးခံစားခွင့်တွေကို အမျိုးမျိုး ရယူနေတဲ့ အခြေအနေမျိုးကတော့ မဖြစ်သင့်ဘူး၊ နိုင်ငံတကာမှာက ဂုဏ်သိက္ခာအတွက် အလုပ်လုပ်ကြ တာ၊ ကိုယ်ဆောင်ရွက်တဲ့အပေါ်မှာ အကျိုးခံစားခွင့်ယူတယ်၊ နိုင်ငံတော်ရဲ့ဘတ်ဂျက်ကို ဘယ်တော့မှအလွယ် မသုံးဘူးဆိုတဲ့ စိတ်တွေ ရှိတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဘတ်ဂျက် ကျွမ်းကျင်မှု နည်းပါးခြင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများကို လွှတ်တော်ကော်မတီ အလိုက် စောင့်ကြည့်လျက် ရှိသောကြောင့် စွက်ဖက်၍မရခြင်း၊ သုံးသင့်သုံး ထိုက်သည်ဟု ယူဆ၍ လွှတ်ပေးကြခြင်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ် တွင်မှ ငွေလုံးငွေရင်း၊ သာမန်အသုံး စရိတ်များကို စိစစ် ရမည်ဟု ဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည့် အနေအထား မျိုး မလုပ်ဆောင်လို သောကြောင့် မတင်ပြကြခြင်းများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကပြောသည်။ “တစ်ခါတလေကိုယ်မလုပ် လိုက်နိုင်တဲ့အပေါ်မှာ ပြည်သူ့အပေါ်တာဝန်မကျေသလိုခံစားရတယ်” ဟု ၄င်းကဆိုသည်။
အငြိမ်းစား ပုဂ္ဂိုလ်များကို ပင်စင်လစာငွေ၊ အပိုထောက်ပံ့ကြေးများ ပေးရာတွင် အပိုင်းနှစ်ပိုင်းခွဲခြား၍ ပြောရမည်ဟု ရန်ကုန်တိုင်းဒေသကြီးမှ အမည်မဖော်လိုသော တိုင်းအဆင့်အရာရှိတစ်ဦးကပြောသည်။
“နှစ်ပေါင်း ၃၀ လောက် တာဝန်ထမ်းဆောင်ပြီး လစာနဲ့ပဲ ရပ်တည်ခဲ့တဲ့သူတွေရဲ့ ဘဝက အင်မတန် မှစုတ်ပြတ်သတ်ပါတယ်၊ အဲဒီလို အငြိမ်းစားတွေကို ပေးသင့်တယ်၊ တချို့ကျတော့ အငြိမ်းစားသာယူသွားတာ ထားစရာမရှိအောင်ဖြစ်နေတဲ့ သူတွေလည်းရှိတယ်၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ဆိုးမွေတွေလေ” ဟုအမည် မဖော်လိုသော ၄င်းအစိုးရအရာရှိကဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။