Friday, November 30, 2012

 “မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလိုပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေ ပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။” ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း



ha-30-11-2
အမည် - ဒေါက်တာခင်မောင်ညို
ပညာအရည်အချင်း -B.Sc (Chem:) မန္တလေး၊ M.Sc (ရန်ကုန်)၊ Ph.D (Chem:) (ဆဲလ်ဖို့ဒ်တက္ကသိုလ်၊ မန်ချက်စတာ)
ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ ကထိကအဖြစ် ၂၆ နှစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အငြိမ်းစားယူ။
သပိတ်စခန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့် သပိတ်စခန်းများရှိ သံဃာတော်များနှင့် ဒေသခံများ ဒဏ်ရာပြင်းထန်စွာရရှိမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့သည့် ဗုံးများမှာ မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးမဖြစ်နိုင်ဟု အငြင်းပွားနေမှုများ အပေါ် ဓာတုဗေဒ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိထားသူ ဒေါက်တာ ခင်မောင်ညိုနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး ။ အခုဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူတွေက အရေပြား အချပ်လိုက်ကွာကျပြီး၊ အသားတွေ ချိုင့်ဝင်သွားတယ်လို့ သိရပါတယ်။ နိုင်ငံတကာမှာ လက်ရှိသုံးနေတဲ့ မီးလောင်ဗုံး၊ မျက်ရည်ယို ဗုံးတွေမှာရော အခုနှိမ်နင်းမှုမှာ ဒဏ်ရာရသလိုမျိုး ရှိခဲ့ဘူးပါသလား။
ဖြေ ။ နိုင်ငံတကာမှာတော့ အခုလို နှိမ်နင်းလို့ ဒီလိုဆိုးဆိုးရွားရွား ဒဏ်ရာရတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အခု သုံးစွဲခဲ့တဲ့ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးလို့ ဆိုပေမဲ့ အများစုက မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးလို့ မယူဆကြဘူး။ မျက်ရည်ယိုဗုံး၊ မီးခိုးဗုံးဆိုလည်း အင်မတန်ပြင်းတဲ့ ဗုံးအမျိုးအစား ဖြစ်ရမယ် ကြောက်ဖို့လည်း ကောင်းတယ်။ လူသေစေနိုင်တဲ့ အထိလည်း ပြင်းထန်တာ တွေ့ရတယ်။ ဗီယက်နမ်၊ အမေရိကန်စစ်ဖြစ်တော့ အမေရိကန်လေတပ်က ဟိုချီမင်းမြို့တော်နားက ထရန်ဘန်းရွာပေါ်မှာ မီးလောင်ဗုံးတွေ ကြဲချခဲ့တယ်။ ဒီလိုဗုံးကြဲတော့ မီးလောင်ဒဏ်ရာနဲ့ အ၀တ်ဗလာပြေးလာတဲ့ ကလေးဓာတ်ပုံဟာ သမိုင်းဝင်ဓာတ်ပုံ ဖြစ်လာပါတယ်။ ပထမ ကမ္ဘာစစ်မှာကတည်းက သုံးလာခဲ့တဲ့ မီးလောင်ဗုံး၊ မျက်ရည်ယိုဗုံး ထိလို့ ဆိုးရွားတဲ့ ထိခိုက်မှုဖြစ်တာ ဒါပထမဆုံးလို့တောင် ပြောလို့ ရနိုင်တယ်။
မေး ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ ဘယ်လိုမျိုးဗုံးတွေကို သုံးလေ့ရှိပါသလဲ။
ဖြေ ။ အကြမ်းဖက်မှုတွေကို နှိမ်နင်းတဲ့အခါမှာ မျက်ရည်ယိုဗုံး၊ မီးလောင်ဗုံးတွေကို သုံးလေ့ရှိပါတယ်။ မျက်ရည်ယိုဗုံးမှာက စီအန်နဲ့စီအက်စ်ဆိုပြီး ၂ မျိုးရှိပါတယ်။ မျက်ရည်ယိုတဲ့ ဗုံးတွေကို အများအားဖြင့် ဆန္ဒပြမှု၊ ပြန်ပေးလို အကြမ်းဖက် သမားတွေကို နှိမ်နင်းတဲ့အခါမှာ သုံးလေ့ရှိပြီး၊ လက်ရှိအသုံးပြုတဲ့ မျက်ရည်ယိုဗုံး ၂ မျိုးမှာတော့ အဆိပ်ဖြစ်မှုနည်းပြီး လူထိခိုက်ရင် ဆေးထုတ်လို့ရတဲ့ စီအန်ကို နိုင်ငံတကာမှာ ပိုသုံးလေ့ရှိပါတယ်။ မီးလောင်ဗုံး ဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလို ပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။
မေး ။ နိုင်ငံတကာကလည်း သပိတ်စခန်းမှာရှိနေတဲ့ ဆန္ဒပြသူတွေကို စောင့်ကြည့်နေချိန်မှာ ဆိုးရွားတဲ့ နှိမ်နင်းမှုလုပ်လိုက်တာ လက်ရှိပြောင်းလဲမှုတွေကို ဘယ်လို ဖြစ်လာစေနိုင်ပါသလဲ။
ဖြေ ။ အစိုးရအနေနဲ့ သူသုံးတဲ့ ဗုံးအမျိုးအစားကို တရားဝင် ထုတ်ပြန်ပေးသင့်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ စုံစမ်းရေးအဖွဲ့တွေ ၀င်ရောက် စစ်ဆေးခွင့် ပေးသင့်တယ်။ နောက်ပြီး လက်ပံတောင်းတောင် ပြဿနာကိုလည်း နိုင်ငံတကာ စံနှုန်းတွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေ စစ်တမ်းလုပ်ခဲ့တာမျိုး ရှိလား ပြန်စစ်ဆေးသင့်တယ်။
မေး ။ ဓာတုဗေဒ လက်နက်လို့ ယူဆရတဲ့ အရာတွေနဲ့ နှိမ်နင်းခဲ့တယ်။ ဒီအတွက် ဒဏ်ရာရတဲ့သူတွေမှာ ဘယ်လိုဆင့်ပွား ရောဂါမျိုးတွေ ဆက်ဖြစ်နိုင်ပါသလဲ။
ဖြေ ။ အတိအကျလေ့လာထားမှုက နိုင်ငံတကာမှာတောင် မရှိသေးတဲ့အတွက် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ဒဏ်ရာရတဲ့သူတွေက အဆုတ်ထိခိုက် နိုင်သလို လူတွေမှာ ရောဂါပိုးမွှားမ၀င်နိုင်ဖို့ ကာကွယ်ပေးထားတဲ့ အရေပြား ပျက်စီးသွားတဲ့အတွက် ရောဂါအမျိုးမျိုး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။
မေး ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောလိုတာရှိရင် ပြောပြပေးပါ။
ဖြေ ။ ဒီလိုမျိုး ပြသနာတွေက မြန်မာနိုင်ငံမှာ ထပ်ဖြစ်လာဦးမှာပါ။ ပွင့်လင်းမြင်သာမှု မရှိဘဲ ပြည်သူ့အကျိုး ဆိုပြီး အရမ်းကာရော လျှောက်လုပ်နေရင် အကုန်လုံး ပျက်စီးကုန်မှာပေါ့။ မြန်မာနိုင်ငံမှာ ရှိတဲ့ မြေတွေရဲ့ ၅၄% က အဖိုးတန်သတ္ထု ထွက်နေတယ်လေ။ မဆင်မခြင် လျှောက်တူးရင် အကုန်လုံး အချိုင့်အပေါက်တွေ ဖြစ်ပြီး မြန်မာနိုင်ငံ ဒုက္ခရောက်သွားမှာပေါ့။ ဒီဖြစ်ရပ်ကို နမူနာယူပြီး နောက်လုပ်မဲ့ စီမံကိန်းတွေမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုရှိမရှိ ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကိုချပြပြီး လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။