Friday, May 18, 2012

မန္တလေးမြို့တွင် လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးသော်လည်း မေလ ဒုတိယပတ်မှစ၍ မကြာခဏ ပြတ်တောက်မှု ကြုံတွေ့နေရ



5710
အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်အတွင်း လျှပ်စစ်မီးမီတာခွန် လာရောက်ကောက်ခံသည့်
ယာဉ်အားမေလ ၁၅ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့တွင် လျှပ်စစ်မီးကို အလှည့်ကျ ဖြန့်ဖြူးပေးသော်လည်း မေလဒုတိယပတ်မှစ၍ မကြာခဏ ပြတ်တောက်မှု ကြုံတွေ့နေရကြောင်း မြို့ခံများထံမှ သိရှိရသည်။

လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်လျက်ရှိခြင်းကြောင့် မြို့တွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေအတွက်အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း မြို့ခံများက ပြောကြားသည်။
“ရေပြတ်တာလည်း သုံးရက် လောက်ရှိပြီ။ အရင်ကဖောဖောသီသီ ရေရတဲ့နေရာတွေတောင် ရေမရတော့ဘူး။ ရေပေးဝေရေးရုံးနဲ့ ကပ်နေတာတောင် ရေမလာဘူး။ အခုရက်ပိုင်း ရာသီဥတုကလည်း အရမ်းပူ၊ မီးလည်းပျက်၊ ရေကလည်းမလာ ဆိုတော့ နေချင်စရာကိုမရှိတော့ဘူး။ မီးခဏတိုင်းပျက်လို့ သက်ဆိုင်ရာဌာနတွေကို ဖုန်းဆက်မေးကြည့်တော့ မီးအားမနိုင်လို့ ဖြုတ်ချထားတယ်လို့ ပြန်ဖြေတယ်”ဟု မန္တလေးမြို့ ၃၃လမ်း၊ လမ်း၈၀နှင့် ၈၁လမ်းကြားနေထိုင်သူ ကိုမင်းမင်း က ပြောကြားပါသည်။
အောင်မြေသာစံမြို့နယ် အတွင်း နေထိုင်သူ တစ်ဦးကလည်း “ညဘက်ဆို မီးလည်းပြတ်၊ အိုက်ကလည်း အိုက်ဆိုတော့ တကယ့် ငရဲကျနေသလိုပဲ။ မီးပြတ်လို့မီးစက်နှိုးတာတို့၊ ဖယောင်း တိုင်ထွန်းတာတို့ လုပ်ပြန်တော့လည်း မီးလောင်မှာ ကြောက်ရသေးတယ်။ ဘယ်လိုလုပ်ရမှန်းတောင် မသိပါဘူး။ မီးကလာလိုက် ပြတ်လိုက်နဲ့ ဆိုတော့ မီးလုံးတွေ၊ မီးချောင်းတွေလည်း မခံနိုင်ဘူး။ ကျွမ်းကုန်လို့ ခဏတိုင်း လဲပေးနေရတယ်၊ မီးပြတ်တဲ့ အချိန်မှန်ပေမယ့် မီးလာချိန်ကျတော့ မှန်မှန်မလာဘူးဖြစ်နေတယ်။ ရပ်ကွက်ထဲလျှပ်စစ်မီး မီတာခွန် လာကောက်တဲ့ ကားကတော့ အချိန် ကိုမှန်နေတာပဲ”ဟု ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားပေးနိုင်မှု လုံလောက်မှုမရှိ၍ အလှည့်ကျစနစ်ဖြင့် မတ်လ၂၉ရက်နေ့မှ စတင်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း၊ ထိုသို့အလှည့် ကျစနစ်ဖြင့် ဖြန့်ဖြူးပေးရာတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ အုပ်စုသုံးစုခွဲ၍ တစ်ရက်လျှင် ၆ နာရီ လျှပ်စစ်ဓာတ်အား ပိတ်သည့် စနစ်ဖြင့် အလှည့်ကျဖြန့်ဖြူးပေးဝေ သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် ကြေညာထားရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။