Friday, May 18, 2012

နည်းပညာနှင့်ကုန်ကျစရိတ်ကြောင့် အော်ဂဲနစ်သီးနှံစစ်စစ်ထုတ်လုပ်ရန် ခက်ခဲနေဆဲ

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ အော်ဂဲနစ်(Organic)အသီးအနှံများအား စိုက်ပျိုးထုတ်လုပ်ရန် အခက်အခဲများ ရှိနေကြောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်သည်။

 
သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကုန်ကျစရိတ်များကြောင့် Organic fertilizerများ အသုံးပြု၍ Organic သီးနှံစစ်စစ် စိုက်ပျိုးရန်အတွက် အခက်အခဲရှိနေခြင်းဖြစ်သည်။
 
“သြော်ဂဲနစ်စစ်စစ်ဖြစ်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဥပမာ-ဂျပန်နှမ်းဆိုရင် သြော်ဂဲစစ်စစ်ဖြစ်ဖို့တွက် အဆင့်(၅၂)ဆင့်နဲ့ စိုက်ပျိုး ရတယ် အဲဒါတွေအားလုံး ညီညွတ်မှ သြော်ဂဲနစ် သီးနှံလို့ပြောနိုင်တာ။ အဲဒီလိုလုပ်ဖို့အတွက်က ထိုင်းမှာတောင် မလွယ်ဘူး ဆိုရင်၊ မြန်မာနိုင်ငံအနေနဲ့ ကတော့ မလွယ်သေးပါဘူး။ ဒါပေမယ့် အခုတော့ စနေပါပြီ ကြိုးစားနေပါပြီ”ဟု MFVP မှ အသိအမှတ်ပြု လက်မှတ်ရရှိထားသော organic fertilizer များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် Supreme Group Of Companies မှ အထွေထွေမန်နေဂျာဦးတိုးမြင့်က ပြောသည်။
 
Organic သီးနှံအစစ်ဖြစ်ရန်အတွက် သတ်မှတ်ထားသော စည်းကမ်းချက်များစွာရှိသည့်အပြင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး များအသုံးပြုစိုက်ပျိုးနေသော စိုက်ပျိုးခင်းများနှင့် အနည်းဆုံး ပေ(၅၀) အကွာတွင်ရှိရမည်၊ အဆိုပါ လယ်မြေများမှ စီးဆင်းလာသောရေများ မဝင်နိုင်သည့် နေရာများတွင် ရှိရမည်ဟူသောအချက်များနှင့် အခြားစည်းကမ်းချက်များစွာပါရှိသည်။
 
ထို့ပြင် ဓါတ်မြေသြဇာအဖြစ် တိရိစ္ဆာန်တို့၏ အညစ်အကြေးများကို အသုံးပြုရာတွင်လည်း သဘာဝအစားအစာ (ဥပမာ-မြတ်၊ ဖွဲနု)များကို ကျွေးမွေးထားသော တိရိစ္ဆာန်တို့မှ အပ အခြားအသား တိုးဆေးများနှင့် chemical ပါဝင်သော အစားအစာများကို ကျွေးမွေးထားသော တိရိစ္ဆာန်တို့၏ အညစ်အကြေးများကို အသုံးမပြုရဟုသော စည်းကမ်းချက်များပါဝင်သည်။
 
မြန်မာနိုင်ငံအတွင်းရှိ အချို့သောဈေးများနှင့် စူပါမားကတ်ကြီးများတွင် Organic သီးနှံများရောင်းချ လျက်ရှိနေသော်လည်း အလွန်နည်းပါးလျက်ရှိနေသေးသည်ဟု သိရသည်။
 
“သီရိမင်္ဂလာဈေးက ကျွန်တော်တို့ သတ်မှတ်ရောင်းချခွင့် ပေးထားတဲ့နေရာမှာ လာရောက် စာရင်း ပေးပြီး ရောင်းချနေတဲ့ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းချသူတွေရဲ့ organic သီးနှံတွေရှိပါတယ်။ ပြီးတော့ အခုဆို စူပါမားကတ် ကြီးတွေ မှာလည်း   နေရာသတ်မှတ်ပြီး organic သီးနှံတွေ ရောင်းချပေးဖို့ သက်ဆိုင်ရာလူကြီးတွေ စီစဉ်နေကြပါတယ်”ဟု သီရိမင်္ဂလာဈေး MFVP (Myanmar Fruits, Flowers and Vegetables Producer and Exporter Association) မှ မန်နေဂျာ ဦးတင်မောင် သိန်းက   ပြောသည်။
 
organic စစ်စစ်သီးနှံစိုက်ပျိုးသူများအတွက် MFVP (Myanmar Fruits, Flowers and Vegetables Producer and Exporter Association) မှ Organic Certificate ပေးအပ်မှုရှိသော်လည်း အထက်ပါ စည်းကမ်းချက်များ နှင့် organic fertilizer များကို ဝယ်ယူသုံးစွဲရမည့် ကုန်ကျစရိတ်များကြောင့် မြန်မာနိုင်ငံတွင် organic သီးနှံ စိုက်ပျိုးထုတ်လုပ်သူ နည်းပါး နေပြီး နှစ်ရှည် စိုက်ပျိုးသည့် တောင်သူ တစ်ဦးသာ ရှိနေသေးသည်ဟု သိရသည်။
 
“ဒေးဒရဲက လယ်သမားတစ်ယောက်ပဲရှိတယ်။ သူက Organic Fertilizer တစ်ခုထဲကိုပဲသုံးတယ်။ သူက Organic Certificate ရဖို့ကြိုးစားနေတာ။ ဒါပေမယ့် သူမရသေးဘူး သူက organic နဲ့ စိုက်တာ  ၂ နှစ်ပဲရှိ သေးတယ်။ အနည်းဆုံး ၃ နှစ် စိုက်ပျိုးမှသာ Organic Certificate ပေးတာ”ဟု Supreme Group Of Companies မှ အထွေထွေမန်နေဂျာ ဦးတိုးမြင့်က ပြောသည်။
 
မြန်မာနိုင်ငံအတွင်းရှိ organic fertilizer များကို အသုံးပြုကြလျက်ရှိသော တောင်သူလယ်သမား အများစုသည် သည် organic fertilizer များကို organic သီးနှံများထွက်ရှိ ရန်အတွက် အသုံးပြု နေခြင်းမဟုတ်ပဲ လယ်ယာမြေများ ဖွံ့ဖြိုးကောင်းမွန် လာရန်အတွက် organic fertilizer များကို chemical ဖြင့်ရော၍ အသုံးပြုနေခြင်းဖြစ်သည်။
 
အကယ်၍ organic သီးသန့်စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးမြေတစ်ဧကလျှင် organic fertilizer များကို ငါးတန်မှ ခြောက်တန်အထိ အသုံးပြုရမည်ပြီး ငါးတန်လျှင် organic fertilizer အိတ်ပေါင်း တစ်ရာ ရှိသည့်အတွက် တစ်ဧကလျှင် organic fertilizer အိတ်ပေါင်း(၁၂၀)ဝန်းကျင်အထိ အသုံးပြု ရမည်။
 
လက်ရှိအချိန်တွင် organic fertilizer တစ်အိတ်လျင် အနိမ့်ဆုံး ကျပ်( ၇၅၀၀)၀န်းကျင်မှ သုံးစွဲသည့် အမျိုးအစားပေါ်မူတည်၍ ကျပ်(၁၅၀၀၀)၀န်းကျင်အထိရှိသည်။
 
လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသူ အများစုသည် ဓာတုပစ္စည်းများပါဝင် သော ယူရီးယား၊ ပုလဲ၊ နိုက်ထရိုဂျင်နှင့် အခြားသော chemical ပါဝင်သည့် သီးနှံအားဆေးများ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို အသုံးပြုကြသည့်အတွက် ရေရှည်တွင် လယ်ယာမြေများ ပျက်စီးမှုကို ကြုံတွေ့လာနိုင်ကြောင်းနှင့် လက်ရှိတွင်လည်း အဆိုပါ chemical ပါဝင်သော ဆေးများကို အသုံးပြုသည့်အတွက် လယ်မြေ များပျက်စီးမှုကို ကြုံတွေ့နေရခြင်းများရှိနေကြောင်း သိရသည်။
 
အဆိုပါ organic fertilizer များကို chemical ဖြင့်ရောစပ်သုံးခြင်းဖြင့် organic fertilizer သုံးစွဲမှုကို ထက်ဝက်လျော့ချနိုင်သည့် အပြင် မိုက်ခရုပ်များ၊ သြော်ဂဲနစ်စင်များနှင့် မြေယာများအတွက် ဖွံ့ဖြိုး ကောင်းမွန် စေသည့် fertilizer များပါဝင်သည့်အတွက် စိုက်ပျိုးမြေများကို မပျက်စီးစေကြောင်း သိရသည်။
 
ထိုကဲ့သို့ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုကြသူများအတွက် လယ်ယာ မြေများ မပျက်စီးစေရန်အတွက် Organic fertilizer များကို ရောင်းချသည့် ကုမ္ပဏီများမှ ESO (Extension Officer) ထားရှိ၍ လယ်သမားများနှင့် အသိပညာပေး   ဆွေးနွေးပွဲ များလုပ်၍ ဆွေးနွေးပြီးရှင်းပြမှုများ ပြုလုပ်လျက် ရှိနေသည်ဟု သိရသည်။
 
ထို့ကြောင့် ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း စသောဒေသကြီး များနှင့် မြန်မာပြည်အတွင်းရှိ အချို့သောသီးနှံစိုက် တောင်သူများသည် organic fertilizer များကို chemical ဖြင့် ရောစပ်၍ အသုံးပြုနေကြကြောင်း သိရသည်။
 
“ဦးကြီးတို့က နဂိုသုံးနေကျ ပုလဲတို့ တခြားပိုးသတ်ဆေးတွေပဲသုံးပြီးစိုက်ကြတာ။ လယ်မြေတွေ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာမျိုးကို   မသိဘူး။ organic fertilizer ဆိုတာလည်း ဘာမှန်းမသိဘူး။ သူတို့ပညာရှင်တွေက နည်းလမ်းတကျရှင်းပြမှ သိရတာပေါ့”ဟု ဧရာဝတီတိုင်းအတွင်းမှ စပါးစိုက် တောင်သူ ဦးသန်းမြင့်က ပြောသည်။
 
Organic fertilizer များကို ရောင်းချနေသော ကုမ္ပဏီများသည်လည်း စီးပွားရေးဈေးကွက်အားဖြင့် Contract farming ဟုခေါ်သော (စိုက်ပျိုးစရိတ် ပံ့ပိုးငွေများ ထုတ်ပေးခြင်း၊ Organic fertilizer များကို ဆိုင်းငံ့စနစ်ဖြင့် သုံးခွင့်ပေးခြင်းများပြုလုပ် ထားပြီး သီးနှံပေါ်ချိန်ရောင်းပြီးသည့်အချိန်မှ ပံ့ပိုး ငွေနှင့် အသုံးပြုထားသည့် Organic fertilizer ဖိုးငွေများကို ပြန်လည်ပေးရသည့် ) စနစ်များကို ကျင့်သုံးလာကြသည့်အတွက် Organic fertilizer အသုံးပြုသူများ တိုးပွားလာသည်ဟု သက်ဆိုင် ရာပညာရှင်တို့၏ မှတ်တမ်းများအရ သိရသည်။
 
မြန်မာနိုင်ငံတွင်း Organic fertilizer များကို အသုံးပြု၍ စပါး၊ ကြံ၊ ရာဘာ၊ ပဲ စသည့် စိုက်ပျိုးမြေများ၌ အများဆုံး အသုံးပြု စိုက်ပျိုးလျက်ရှိသည်။ လက်ရှိချိန်အထိ လယ်ယာမြေကောင်းမွန်ဖွံ့ဖြိုးရန်နှင့် လတ်ဆတ် သန့်ရှင်းသော organic သီးနှံများ ရရှိစေရန်အတွက်  Organic fertilizer အသုံးပြု၍ စိုက်ပျိုးသော တောင်သူ ဦးကြီးများ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ တိုးလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် စိုက်ပျိုးဧက သိန်းဂဏန်းဝန်းကျင်အထိ ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။