Friday, May 18, 2012

 တိုင်းအလုပ်သမားရုံးရှေ့၌ အထည်ချုပ်စက်ရုံသုံးရုံမှ အလုပ်သမားများ လာရောက် တောင်းဆိုမှု တစ်ပြိုင်နက် ဖြစ်ပွား အလုပ်ခွင် ပြန်မ၀င်ရောက်သည့် လုပ်သားများအား ထုတ်ပယ်သွားမည်ဖြစ်ကြောင်း စက်ရုံများမှ ကြေညာ

မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးရှေ့တွင် စုဝေးတောင်းဆိုနေသော အထည်ချုပ်စက်ရုံ အလုပ်သမားများကို မေလ ၁၆ ရက်နေ့က တွေ့ရစဉ်
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရုံးရှေ့၌ လှိုင်သာယာစက်မှုဇုန် အထည်ချုပ် စက်ရုံသုံးရုံမှ အလုပ်သမားများ မေလ ၁၆ ရက်နေ့က တစ်ပြိုင်တည်း လာရောက်တောင်းဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံများမှာ လှိုင်သာယာစက်မှုဇုန်(၄)မှ နေမင်းအောင် အထည်ချုပ်စက်ရုံ၊ စပယ်ပွင့် အထည်ချုပ်စက်ရုံနှင့် ပုလဲအထည်ချုပ် စက်ရုံတို့ဖြစ်ပြီး စက်ရုံသုံးရုံ စုစုပေါင်း လုပ်သားအင်အား ၁၀၀၀ ကျော်ဝန်းကျင်ခန့် လာရောက် တောင်းဆိုကြကြောင်း၊ လာရောက်ရန် ကားအခက်အခဲရှိ၍ အချို့အလုပ်သမားများ စက်ရုံရှေ့၌ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံသုံးရုံမှ လုပ်သားများ တောင်းဆိုရခြင်း ရည်ရွယ်ချက်မှာ အဓိကအားဖြင့် အခြေခံလစာ မရရှိမှုနှင့် ဖယ်ရီကား၊ အိုတီချိန် အဆင်မပြေမှုများ၊ ရှားပါးစရိတ်အား လစဉ်ကျပ်သုံးသောင်းအထိ ရရှိလိုမှုများကြောင့်ဖြစ်ကြောင်း သိရသည်။

တောင်းဆိုသည့် စက်ရုံသုံးရုံ၏ လုပ်ငန်းရှင်များမှာ တရုတ်လူမျိုး လုပ်ငန်းရှင်များဖြစ်ကြပြီး စပယ်ပွင့်နှင့် ပုလဲ အထည်ချုပ်မှာ လုပ်ငန်းရှင်တစ်ဦးတည်းဖြစ်ကြောင်း၊ ယင်းစက်ရုံနှစ်ရုံမှ တောင်းဆိုသည့် အလုပ်သမားများအား တောင်းဆိုသည့် ရက်လေးရက်မြောက်တွင်  လုပ်ငန်းခွင်ဝင် ရောက်ခြင်းမရှိပါက အလုပ်မှ ထုတ်ပယ်မည်ဟု စက်ရုံ၌ စာကပ်ထားကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရှိရသည်။ မေလ ၁၆ ရက်၌ စပယ်ပွင့် အထည်ချုပ်စက်ရုံမှ တောင်းဆိုသည့် ရက်သုံးရက်နှင့်ပုလဲမှ တောင်းဆိုသည့် ရက်နှစ်ရက် ရှိပြီဖြစ်ကြောင်း သိရသည်။

နေမင်းအောင် အထည်ချုပ်စက်ရုံမှ အလုပ်သမားများမှာ မေလ ၁၆ ရက်နေ့တွင် စတင်တောင်းဆိုခြင်းဖြစ်ပြီး၊ နေ့လည် ၃ နာရီဝန်းကျင်တွင် လုပ်ငန်းရှင်မှ ၎င်းတို့ပေးနိုင်သည့် နှုန်းထားကြေညာချက်တစ်ခုကို ထုတ်ပြန်ကာ ယင်းကြေညာချက်အတွက် စဉ်းစားချိန်အား သုံး ရက်ပေးသွားမည်ဖြစ်ပြီး မေလ ၁၉ ရက်နေ့တွင် လုပ်ငန်းခွင် ပြန်ဝင်နိုင်ကြောင်း၊ လုပ်ငန်းခွင် မ၀င်ရောက်သူများအား မိမိသဘောဆန္ဒအလျှောက် အလုပ်မှနုတ်ထွက်သည်ဟု ယူဆ၍ ထုတ်ပယ်သွားမည်ဖြစ်ကြောင်း တိုင်းအလုပ်သမားရုံးရှေ့၌ နေမင်းအောင် အထည်ချုပ်စက် ရုံမှ အလုပ်ရှင်က ပြောကြားခဲ့သည်။

အလုပ်သမားများ တိုင်းအလုပ်သမားရုံးရှေ့၌ လာရောက်တောင်းဆိုမှုနှင့် ပတ်သက်၍ ''အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ စက်ရုံမှာနေပြီး အဆင်ပြေအောင် ညှိရမှာပါ။ ကျွန်တော်တို့ ရုံးရှေ့မှာ လာရောက်တောင်းဆိုလို့လည်း ကျွန်တော်တို့ဘက်က ဘာမှ လုပ်မပေးနိုင်ပါဘူး။ အလုပ်ရှင်က ပေးတဲ့နှုန်းနဲ့ အလုပ်သမား တောင်းဆိုတဲ့နှုန်းကြား ညှိနှိုင်းပေးရုံပဲ တတ်နိုင်ပါတယ်။ ဥပဒေဘောင်ထဲကပဲ ညှိနှိုင်းပေးနိုင်ပါတယ်။ ဥပဒေရှိရင်တော့ ဒီဥပဒေ ဒီလိုရှိတယ်၊ ဒီလို ပြဋ္ဌာန်းထားတယ်ဆိုတာ ချပြပေးလို့ ရပါတယ်။ အဓိကက တောင်းဆိုမှု ပြေလည်၊ မပြေ လည်ဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမားအပေါ်မှာ မူတည်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းအလုပ်သမားရုံးမှ တာဝန်ရှိသူက မေလ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။  ညနေ ၅ နာရီဝန်းကျင်တွင် စက်ရုံသုံးရုံမှ အလုပ်သမား ကိုယ်စားလှယ်နှစ်ဦးစီအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်သိန်းလင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့က ခေါ်ယူတွေ့ဆုံကာ မိမိ တို့စက်ရုံရှေ့တွင်သာ တောင်းဆိုရန်နှင့် အလုပ်သမားများ တောင်းဆိုသည့် အချက်များအား လာရောက်ညှိနှိုင်းပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။