Friday, May 18, 2012

 ဂရိတွင် မဲအများဆုံးရသည့် သုံးပါတီစလုံးက အစိုးရမဖွဲ့နိုင်သောကြောင့် ရွေးကောက်ပွဲ ပြန်လုပ်ရမည့် အခြေအနေ ရောက်လာ

ဂရိကြားဖြတ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်သစ် ပါနာဂျီအိုတီပီခရမ်မီနို(၀ဲ)ကို ဂရိသမ္မတ ကာရိုလော့စ်ပါပိုလီယာ့စ်က ကြိုဆိုနေစဉ်
ဂရိတွင် မဲအများဆုံးရသည့်ပါတီ သုံးပါတီစလုံး အစိုးရဖွဲ့နိုင်ခြင်း မရှိသောကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ရေး သမ္မတကအကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း မေလ ၁၄ရက် နောက်ဆုံးဆွေးနွေးမှုအထိ အကောင်အထည် ပေါ်မလာနိုင်သောကြောင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ပြန်လုပ်ရမည့် အခြေအနေသို့ ရောက်လာခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)ထံမှ ယူရို ၁၃၀ ဘီလျံ အကူအညီရယူရေးနှင့် ပတ်သက်ပြီး ထောက်ခံသူ၊ ကန့်ကွက်သူ ကွဲပြားနေသလို မည်သည့်ဘက်ကမှလည်း အမတ်နေရာ ထက်ဝက်ကျော်ရှိသော ညွန့်ပေါင်းဖွဲ့ ရေး ဦးဆောင်စည်းရုံးနိုင်ခြင်းမရှိသောကြောင့် လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်နေခြင်းဖြစ်သည်။

နောက်ထပ် ဘဏ္ဍာရေးအကူ အညီရရှိရေး ဆွေးနွေးနိုင်မည့် အစိုးရသစ်ကိုသာ အချိန်မီမဖွဲ့နိုင်ပါက ဂရိသည် ဇွန်လကုန်တွင် ငွေကြေးလုံးဝ ကုန်ခမ်းမည့် အခြေအနေသို့ ရောက်ရှိနေသည်။ သမ္မတ ကာရိုလော့စ်ပါပိုလီယာ့စ်က ပါတီခေါင်းဆောင်းများကို ညွန့်ပေါင်းဖွဲ့ရေး စေ့စပ်မပေးနိုင်ပါက ရွေးကောက်ပွဲ ထပ်ခေါ်ရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဒုတိယမဲ အများဆုံးရခဲ့သော အခြေခံဝါဒီ လက်ဝဲယိမ်း SYRIZA ပါတီမှ ခေါင်းဆောင်ကလည်း သမ္မတ၏ ညွန့်ပေါင်းဖွဲ့ရေး ဆွေးနွေးရန်ဖိတ်ကြားမှုကို ငြင်းဆိုထားပြီး ရွေးကောက်ပွဲပြန်လုပ်ရေးကိုသာ ဦးတည်လျက်ရှိသည်။

အသက် ၃၇ နှစ်အရွယ် အလက်ဇီဆီပရက်စ်ဦးဆောင်သော SYRIZA ပါတီသည် ရွေးကောက်ပွဲပြန်လုပ်ပါက မဲအများဆုံးရနိုင်သည်ဟု စစ်တမ်းများက ဖော်ပြနေသည်။ ဂရိကို ဆယ်စုနှစ်နှင့်ချီ အုပ်ချုပ်ခဲ့သော ကွန်ဆာဗေးတစ်နှင့် ဆိုရှယ်လစ်ပါတီများနှင့် ပူးပေါင်းပြီး ညွန့်ပေါင်းဖွဲ့ရေးကို ဆီပရက်စ်က တောက်လျှောက် ကန့်ကွက်နေသည်။ ကွန်ဆာဗေးတစ်နှင့် ဆိုရှယ်လစ်ပါတီများသည် ပင်စင်နှင့်လစာများ လျော့ချပြီး ဥရောပဘဏ္ဍာရေး အကူအညီကို ရယူရန်လိုလားသောကြောင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။

ဆီပရက်စ်က ယူရိုဇုန်အတွင်း ဆက်ရှိရန်လိုလားသော်လည်း ဘဏ္ဍာရေး အကူအညီကို မယူလိုသည့်သဘောထားကို ကိုင်ဆွဲထားသည်။ ဂရိအများစုက ယင်းသဘောထားကို လက်ခံသော်လည်း တစ်ကယ်တမ်းတွင် လက်တွေ့မကျသည့် ကိစ္စဖြစ်နေသည်။ ဘဏ္ဍာ ရေးအကူအညီကို လက်မခံပါက ဂရိသည် ဒေ၀ါလီခံသွားရနိုင်ပြီး ယူရိုဇုန်အတွင်းမှပါ ထွက်ပေးရဖွယ်ရှိကြောင်း ဥရောပခေါင်းဆောင်များက ပြောကြားထားပြီးဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။