Friday, May 18, 2012

'အသက်ထင်ရှားရှိနေသေးတဲ့ အချိန်မှာတော့ အနုပညာအလုပ်ကို ဖက်တွယ်ပြီး လုပ်ဖြစ်နေမှာပါပဲ' ဗိုလ်ကလေးတင့်အောင်နှင့် တွေ့ဆုံခြင်း


အသက် ၂၇ နှစ်ဝန်းကျင်ခန့်မှ စတင်ပြီး ဂီတလောကအတွင်းသို့ ရောက်ရှိလာကာ အနုပညာသက်တမ်း နှစ်ခြောက်ဆယ်ကျော်ခန့်ကို ဖြတ်သန်းလာခဲ့သူ ဂီတစာဆို ဗိုလ်ကလေးတင့်အောင်သည် ကိုယ်တိုင်တီးခတ်သူ၊ သီချင်းရေးသားသူ၊ ပြဇာတ် ဇာတ်ညွှန်းရေးသားသူ၊ ပြဇာတ် ဇာတ်လမ်းရေးသားသူ၊ ပြဇာတ် ဒါရိုက်တာတစ်ဦးအဖြစ် အနုပညာ
လှုပ်ရှားမှုပေါင်းများစွာကို ဖန်တီးပုံဖော်လာခဲ့သူ တစ်ဦးဖြစ်သည်။ ဇွန်လ ၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ကလေးတင့်အောင်၏ အသက် ၉၀ ပြည့် မွေးနေ့အမှတ်တရအဖြစ် ရုပ်ရှင်ဂီတ အနုပညာရှင်များစွာပါဝင်သည့် ပဒေသာကပွဲကို မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ပရိသတ် အများအပြား လာရောက်ကြည့်ရှုခဲ့သည်။ အသက် ၉၀ ထိတိုင် အနုပညာအပေါ် ချစ်ခင်တွယ်တာစိတ်များဖြင့်သာ ဖြတ်သန်းလှုပ်ရှားနေဆဲဖြစ်သည့် ဗိုလ်ကလေးတင့်အောင်၏ အနုပညာအပေါ် သဘောထားအမြင် အချို့အား မေးမြန်းဖော်ပြပေး ဖြစ်ပါသည်။
မေး - ဘဘရဲ့ အသက်ကိုးဆယ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပဒေသာကပွဲ လုပ်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပီတိစကားလေး အရင်ပြောပြပေးပါလား။
ဖြေ - အခုလိုပွဲမျိုး ဖြစ်မြောက်လာတဲ့ အပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်တယ်လို့ ဆိုရမှာပါ။ ဒီပွဲမဖြစ်မြောက်ခင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဂီတပညာရှင်ကြီးများဖြစ်တဲ့ ဆရာရွှေတိုင်ညွန့်၊ ဆရာမြို့မငြိမ်း၊ ဆရာရွှေပြည်အေး နှစ် ၁၀၀ ပြည့် အမှတ်တရပွဲကို လုပ်မယ်လို့ စီစဉ်ကြတဲ့အခါ ဘဘကိုလည်း သက်ရှိထင်ရှား ရှိနေတုန်း အသက် ၉၀ ပြည့် အမှတ်တရပွဲလေး လုပ်ပါလို့ တိုက်တွန်းကြပါတယ်။ အခုလို တကယ်တမ်း လုပ်ဖြစ်တဲ့အခါမှာလည်း ဘဘရေးခဲ့တဲ့ သီချင်းတွေ၊ ပြဇာတ်တွေ အများကြီးရှိတဲ့အတွက် ဘယ်သီချင်းတော့ ပါသင့်တယ်၊ ဘယ်ပြဇာတ်တော့ ပါသင့်တယ်၊ ဘယ်တေးသရုပ်ဖော်ကတော့ဖြင့် ပါသင့်တယ်ဆိုတာမျိုး ရွေးချယ်ပေးတာတွေ လုပ်ရပါတယ်။ လုပ်မယ့်ရက်ကို ရွေးချယ်ရာမှာလည်း မွေးနေ့ဖြစ်တဲ့ ဇွန်လက မိုးနဲ့လေနဲ့ဆိုတော့ သွားလာရာမှာ အခက်အခဲရှိနိုင်တဲ့အတွက် မေလထဲ မှာ ပြုလုပ်ဖို့ကို ရွေးချယ်လိုက်တာဖြစ်ပါတယ်။
မေး - အနုပညာသက်တမ်း နှစ်ပေါင်းခြောက်ဆယ်ကျော် ဖြတ်သန်းခဲ့ ပြီးပြီဆိုတော့ ဘဘဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းကိုရော ကျေနပ်ရဲ့လား။
ဖြေ - ဘဘကအနုပညာ အလုပ်ကလွဲရင် ဘာမှမလုပ်တတ်ဘူး။ အနုပညာလိုင်းထဲကို အတီးသမားဘ၀နဲ့ စတင်ရောက်လာပြီးတဲ့နောက် သီချင်းရေးသားတယ်၊ ပြဇာတ်တွေ ရေးသားတယ်၊ ဇာတ်ညွှန်းရေးတယ်၊ ပြဇာတ် ဒါရိုက်တာလုပ်တယ်။ စသဖြင့် နယ်ပယ်စုံမှာ ဆောင်ရွက်လာခဲ့တာပါ။ ၁၉၅၀ ပတ်ဝန်းကျင်လောက်က စတင်ဆောင်ရွက်လာခဲ့တာ အခုဆိုရင်နှစ်ပေါင်း ၆၀ ကျော် သွားပါပြီ။ ဒီပြင်အလုပ် ဘာမှအာရုံမစိုက်ဘဲ အနုပညာ အလုပ်တစ်ခုတည်းကိုပဲ မွေ့လျော်လာခဲ့တာပါ။ ဒီလောကထဲ စ၀င်လာစက ဘဘရဲ့ ညီမောင်ကိုကိုက အသက် ၂၀ ကျော်၊ ဘဘက အသက် ၂၇နှစ်။ ဓာတ်ပြားခေတ်ကနေ အသံလွှင့် ရေဒီယိုခေတ်၊ ရုပ်သံခေတ်အထိကို လုပ်ကိုင်ခဲ့ကြတယ်။ အခုလို လုပ်ကိုင်ခဲ့ရာမှာ အနုပညာခရီးဆိုတာ တယ်သာယာပါလား၊ ပြည်သူ့အတွက် စေတနာထားပြီး တင်ဆက်ရတာ အင်မတန် ၀မ်းမြောက်စရာ ကောင်းပါလား ဆိုတဲ့အတွေးနဲ့ မွေ့လျော်ခဲ့တာပါ။ ဖြတ်သန်းခဲ့တဲ့ ခရီးလမ်းတစ်လျှောက်မှာ ပြဇာတ်ရှည်ပေါင်း ၄၀၊ ၅၀ လောက်ကို ရေးသားက ပြခဲ့ပါတယ်။ ၀င်းဝင်းရုံ၊ ၀ဇီရာရုံခေတ်ကတည်း ကကို ပြဇာတ်တွေ ကပြခဲ့ကြတာပါ။ အဲဒီလို ထင်ရှားခဲ့တဲ့ ပြဇာတ်တွေကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ ပြန်လုပ်ပြီး အခုချိန်မှာ ပရိသတ်ကို ပြန်လည်တင်ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အသက်ထင်ရှား ရှိနေသေးတဲ့ အချိန်မှာတော့ အနုပညာကို ဖက်တွယ်ပြီး နေဖြစ်နေမှာပါပဲ။
မေး - ဘဘ အခုလို အသက်အရွယ်ထိ ကျန်းမာစွာနဲ့ အနုပညာ အလုပ်တွေမှာ ပါဝင်နိုင်ခြင်း အကြောင်းကိုလည်း ပြောပြပေးစေ လိုပါတယ်။
ဖြေ - ဘဘအနေနဲ့တော့ မြန်မာပြည်သူပြည်သား အားလုံးကို အသက်ရှည် ကျန်းမာစေချင်ပါတယ်။ မြန်မာနိုင်ငံက တခြားသော နိုင်ငံများနဲ့ နှိုင်းယှဉ်ရင် ရာသီဥတု မျှတတယ်လို့ ပြောလို့ ရပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုတချို့ ခံစားရတာမျိုး ရှိနိုင်ပေမယ့် အခြားသော နိုင်ငံများနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ သက်သာပါသေးတယ်။ ဆင်ခြင်တုံ တရားလေးနဲ့ သာနေမယ်ဆိုရင် အများကြီးနေလို့ ကောင်းတယ်လို့ ဆိုရမှာပါ။ အပိုဖြစ်နေတာတွေ၊ မလိုလား အပ်တာတွေကို ဘာလို့စားမလဲ၊ အနေအထိုင် အသွားအလာ ဆင်ခြင်မယ်ဆိုရင် မကျန်းမာစရာ အ ကြောင်း မရှိပါဘူး။ ခန္ဓာကိုယ် ကျန်းမာမှုသာမက စိတ်ကျန်းမာဖို့ကိုလည်း လိုအပ်ပါတယ်။ လောဘနည်းတဲ့သူကများတဲ့သူထက် သက်သာသလိုသော ကနည်းတဲ့သူကလည်း များတဲ့သူထက် ပိုပြီးသက်သာပါတယ်။ ဒါတွေကို ဆင်ခြင်ပြီး မြန်မာပြည်သူပြည်သားတွေ အသက်ရှည် ကျန်းမာကြပါစေလို့ ဆုတောင်းလိုပါတယ်။
မေး- ဘဘတို့ ခေတ်ကပြဇာတ်တို့ ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းတို့ရဲ့ ကဏ္ဍက ကျယ်ပြန့်ပေမယ့် အခုချိန်မှာတော့ တော်တော်လေးကို မှေးမှိန်သွားတာမျိုးတွေ ရှိပါတယ်။ အဲဒီအပေါ် ဘဘရဲ့အမြင်လေး သိချင်ပါတယ်။
ဖြေ - ၁၉၆၀ ပတ်ဝန်းကျင်လောက်မှာ ဓာတ်ပြား စသွင်းပါတယ်။ အဲဒီအချိန်မှာ အဆင့်မြင့် တီးဝိုင်းတွေရှိသလို အပျော်တမ်းဝိုင်းတွေလည်း အများအပြားရှိပါတယ်။ ရေဒီယို သီချင်းတွေကလည်း တစ်တိုင်းပြည်လုံး ပျံ့နှံ့သွားပြီးတော့ အားပါးတရ ဖျော်ဖြေလာကြတယ်။ ဒီနောက်ပိုင်းမှာတော့ ကမ္ဘာနဲ့ နီးစပ်လာတဲ့အခါကျတော့ လူငယ်တချို့က အနောက်တိုင်းဂီတကို အတုယူလာကြတယ်။ ဖန်တီးလာခဲ့ကြတယ်။ အဲဒီ နောက်ပိုင်းမှာ တော့ မြန်မာမှုဘက်မှာ အားနည်းသွားပြီး ဆိုမယ့်သူနဲ့ တီးမယ့်သူလည်း နည်းပါးသွားတယ်။ ပြဇာတ်နဲ့ ရုပ်ရှင်ပိုင်းမှာ ရှိပေမယ့် အနည်းအကျဉ်းလောက်ပဲ ရှိတော့တယ်။ အနောက်တိုင်းဂီတ ၀င်ရောက် လာခြင်းကိုလည်း မ၀င်လာပါနဲ့လို့ ပြောလို့မရဘူး။ ဒါကလည်း ဂီတပဲလေ။ ဘဘကိုယ်တိုင်လည်း ကော်ပီသီချင်းတွေ ရေးခဲ့တာပါပဲ။ အနောက်တိုင်း ဂီတတွေဝင် ရောက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြန်မာဓလေ့ စရိုက်နဲ့ မလျှော်ညီတဲ့ ပိုပြီးရင်းနှီး ပွင့်လင်းတဲ့ အသုံးအနှုန်းမျိုးတွေ ထည့်လာကြတယ်။ ဖြစ်သင့်တာကတော့ ဒီလိုအနောက်တိုင်း တေးဂီတတွေရှိနေသလိုပဲ မြန်မာတီးဝိုင်းတွေလည်း ရှိနေသင့်တယ်။ ပြဇာတ်တွေပဒေသာ ကပွဲတွေလည်း ပုံမှန်ကပြသင့်တယ်။ မြန်မာနိုင်ငံမှာ အလှူမင်္ဂလာပွဲလမ်း သဘင်ဆိုတာ မပြတ်ရှိနေတဲ့အတွက် ဒီလို မြန်မာတီးဝိုင်းကြီးတွေက ရှိနေသင့်တယ်လို့တော့ မြင်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။