Friday, May 18, 2012

 ဓည၀တီနှင့် ဝေသာလီ အပါအ၀င် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် နေရာငါးခုကို ဇုန်နယ်မြေ အဖြစ် သတ်မှတ်

577
ဓည၀တီမြို့ဟောင်းရှိ မဟာမြတ်မုနိပြတိုက်
ရခိုင်ပြည်နယ်မှ ဓည၀တီနှင့် ဝေသာလီ အပါအ၀င် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်နေရာ ငါးနေရာအား ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေးဟောင်းနေရာ တည်ရှိရာဇုန်နှင့် ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ် သတ်မှတ်ကြောင်း သတင်းရရှိသည်။

ဇုန်နယ်မြေများအဖြစ် သတ်မှတ်ပြဋ္ဌာန်းလိုက်ကြောင်းကို မေလ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာ တွင် ဖော်ပြထားချက်အရ သိရသည်။ အဆိုပါငါးနေရာမှာ (၁)ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြောင်းမြမြို့ဟောင်း၊ (၂)တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းကျေးရွာအုပ်စု၊ သာဂရ မြို့ဟောင်း၊(၃) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာ နှင့်သလ္လာဝတီကျေးရွာ၊ ဝေသာလီ မြို့ဟောင်း၊(၄) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိ ကျေးရွာ၊”ဓည၀တီမြို့ဟောင်း၊ (၅) စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် အမြင့်ရွာဒေသနှင့်သုံးပန်လှ(အနိမ့်)ရွာ ဒေသတို့ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် “ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးဟု သမိုင်းယဉ်ကျေးမှုထွန်းကားခဲ့သည့် ခေတ်ကြီးလေးခေတ်ရှိခဲ့ကြောင်းနှင့် ဓည၀တီနှင့် ဝေသာလီမြို့ဟောင်းနှစ်ခုမှာ ရခိုင်သမိုင်းတွင် သမိုင်းတင်ပြီး ခေတ်အစောဆုံးဟုသိရသည်။
ဓည၀တီသည် ဘီစီ ၆ ရာစု မှအေဒီ ၃၂၇အထိတည်ရှိခဲ့ပြီး ရှေးအ ကျဆုံး သမိုင်းဝင်ဒေသဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ဇုန်အဖြစ် သတ်မှတ်ကာ နိုင်ငံတော်က တာဝန်ယူပြီး ထိန်းသိမ်းစောင့်ရှောက်လာသဖြင့် ပျက်စီးဆုံးရှုံးမှုများကို ကာကွယ်လာနိုင်မည် ဖြစ်သဖြင့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများက ကြိုဆိုကြောင်း လည်း သိရသည်။
ဝန်ကြီးဌာနမှ သတ်မှတ်ပြဋ္ဌာန်းထားသော ဇုန်များအတွင်း အမျိုးသား ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက် ပျက်စီးစေမည့် ဆောင်ရွက်မှုများဖြစ်သည့် လူနေအိမ်အပါအ၀င်အဆောက် အအုံများဆောက်လုပ်ခြင်း၊ ထွန်ယက် စိုက်ပျိုးခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ဆည်မြောင်းကန်များ တူးဖော်ခြင်း၊ ဓာတ်တိုင်များစိုက်ထူခြင်း၊ တာဝါ တိုင်များစိုက်ခြင်း၊ လယ်မြေများချဲ့ ထွင်ကာ ထွန်ယက်စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများကာရံခြင်း၊ စက်ရုံအလုပ်ရုံများ၊ ဟိုတယ်များ တည်ဆောက်ခြင်း၊ မြို့ရွာများတိုးချဲ့ခြင်း၊ မြေကွက် ဖော်ထုတ်နေရာချခြင်း၊ ဓာတ်သတ္တု ပစ္စည်းများတူးဖော်ခြင်းစသည့် ရှေး ဟောင်းနေရာဒေသ၏ အသွင်အပြင် ပျက်စီးစေမည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ (၉/၉၈)အခန်း ၇ ဥပဒေ ပုဒ်မ( ၁၈၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃)အရ တားမြစ်ကန့်သတ်ထားကြောင်း အဆိုပါဒေသများအတွင်း နေထိုင်သော ဒေသခံများ၊ ဌာနဆိုင်ရာများအနေ ဖြင့် ယဉ်ကျေးမှု အမွေအနှစ်ဒေသတွင်း အထက်ပါကိစ္စများကို ပြုလုပ်လိုလျှင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဌာန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့ ကြိုတင်တင်ပြ ခွင့်ပြုချက် ရယူမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရမည်ဟု သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။