Friday, May 18, 2012

 ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အတွင်းရှိ ရှားခဲအင်း လေလံကိစ္စနှင့် ပတ်သက်၍ ဒေသခံများမှ ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့

579

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကျေးရွာတွင် မေလ ၁၄ ရက်နေ့က ဒေသခံများ က ရှားခဲအင်းကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

“အင်းကိုပိုင်ဆိုင်တဲ့သူတွေက အမျိုးမျိုးနှိပ်စက်မှုတွေ ရှိတဲ့အတွက် အင်းကြီးကို မှီခိုနေရတဲ့ဒေသခံ ပြည်သူတွေက နိုင်ငံတော်ကိုအခွန် အခပေးဆောင်ပြီး တစ်ဦးပိုင် မဟုတ်ဘဲ အများပိုင်အဖြစ် လုပ်ကိုင်ခွင့်ပေးဖို့ အပါအ၀င် သက်ဆိုင်ရာကို လေးကြိမ်တိုင်တိုင်အသိပေး တင်ပြထားပြီးဖြစ်ပါတယ်။ ဒါပေ မယ့်  မေလ ၁၄ ရက်နေ့ ပုသိမ်မှာ ပြုလုပ်မယ့် လေလံမှာ ရှားခဲအင်းကြီးကို လေလံပြိုင်စနစ်နဲ့ တင်ဒါ ခေါ်ယူမှု ပြုလုပ်မယ်လို့သိရတဲ့ အခါ ပြည်သူတွေပါဝင်နိုင်ဖို့ အခက်အခဲတွေရှိတာကြောင့် ပုသိမ် မှာ လေလံကျင်းပတဲ့နေ့ နံနက် ၉ နာရီခွဲဝန်းကျင်ကစပြီး လူ ၁၅၀ ကျော်က ဆန္ဒဖော်ထုတ်မှုကို ပြုလုပ်ခဲ့တာပါ။ ကွင်းကောက်ကျေး ရွာကနေစပြီး ဆန္ဒဖော်ထုတ်လာခဲ့ပြီး ရှားခဲကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနား အရောက်မှာ လုံခြံရေးတပ်ဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ပါတယ်။ သက်ဆိုင်ရာက ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးထဲမှာ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေစဉ်မှာ ဆန္ဒဖော်ထုတ်သူတွေ က မပြန်သေးဘဲ စောင့်ဆိုင်းခဲ့ပြီး ညှိနှိုင်းမှုအပြီး ခေါင်းဆောင်တွေ ပြန်အလာသက်ဆိုင်ရာက ညှိနှိုင်းဆောင်ရွက်တာတွေ ပြုလုပ်ပါမယ်လို့ ပြောခဲ့တဲ့အတွက် နေ့လယ် ၁၁ နာရီခွဲမှာ လူစုခွဲခဲ့ပါတယ်”ဟု ဒေသခံတစ်ဦး က ပြောကြားပါသည်။
“ ဥပဒေနဲ့ပတ်သက်လို့ ပြည်သူတွေနားလည်မှု အားနည်းနေသေးတာ ဖြစ်တဲ့အတွက် ဒီနေ့ကိစ္စမှာ အရေးယူဆောင်ရွက်မှုတွေကိုတော့ ပြုလုပ်သွားမှာမဟုတ်ပါဘူး။ ရှားခဲကြီးအင်းကို ခေတ္တဆိုင်းငံ့ထားဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပါတယ်။ ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုလည်း ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမှာပါ”ဟု ကျုံပျော်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားပါသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။