Friday, May 18, 2012

 တားမြစ်ထားသော နေရာများတွင် ကျောက်စုပ်ယူနေမှု များကြောင့် ယခင်နှစ်များကဲ့သို့ ကမ်းပြိုမှု အန္တရာယ်များ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေ

575
ရေလယ်သောင် ကျေးရွာအနီး ဧရာဝတီမြစ်တွင်း ကျောက်စုပ်နေသော စက်လှေများအား မေလ ၁၁ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စစ်ကုန်းကျေးရွာအုပ်စု ရေလယ်သောင်ကျေးရွာ အရှေ့ဘက် တားမြစ်ထားသော နေရာများတွင် ကျောက်စုပ်ယူနေမှုများကြောင့် ယခင်နှစ်များကဲ့သို့ ကမ်းပြိုမှုအန္တရာယ်များ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရှိရပါသည်။

“အရင်က ရေလယ်သောင် ကျေးရွာကမ်းပါးမှာ သင်္ဘောကြီးတွေကို ကပ်ခွင့်ပေးခဲ့ဖူးပါတယ်။ ရေစီးကြောင်းက ထိုးတဲ့အခါ သင်္ဘောကြီးတွေ ခံနေတဲ့အတွက် သင်္ဘောအောက် ကမ်းပါးအခြေကို လှိုက်ပြီးထိုးတော့ ကမ်းပါးအောက်ခြေတွေ ပျက်စီးကုန်ပါတယ်။ အဲဒီအချိန်မှာ ရေညွန့်ထိုးတဲ့ လမ်းကြောင်းပေါ်မှာ ကျောက်စုပ်နေတဲ့အတွက် ရေလာမြောင်းပေးသလို ဖြစ်ပြီး ရေညွန့်ကအ ရှိန်နဲ့ထိုးတဲ့အခါ ကမ်းပါးအောက်ခြေ လှိုက်စားခံရပြီး ကမ်းပြိုမှုတွေ ဖြစ်လာတာပါ။ ရေညွှန့်ထိုးတဲ့လမ်းကြောင်းမှာ ကျောက်တွေ၊ သဲတွေရှိနေတယ်ဆိုရင် ရေညွန့် က ပဲခူးတိုင်းဒေသကြီးဘက် ရေလမ်းကြောင်းအတိုင်း သွားနိုင်ပါတယ်။ ရေလယ်သောင်နားက ရွာလေးရွာဆိုရင် ရေညွန့်ထိုးတဲ့အတွက် ပျက်စီးခဲ့ရပါတယ်။ နောက်ပိုင်း သက်ဆိုင်ရာက ကျောက်စုပ်တာတွေကို တားမြစ်ခဲ့တဲ့အတွက် ရေကာတာကြီးကို ကာကွယ်နိုင်ခဲ့ဖူးပါတယ်” ဟု စစ်ကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောပါသည်။
“ရေလယ်သောင်ကျေးရွာမှာ အထက်စု၊အလယ်စု၊ အောက်စုဆိုပြီး ၃ စုရှိပြီး အိမ်ခြေပေါင်း ၅၀၀ ၀န်း ကျင်ရှိပါတယ်။ မနှစ်က ကမ်းပြိုတဲ့ အတွက် ကုန်းမြင့်ပိုင်းကို အိမ်ခြေ ၁၈၀ လောက် မဖြစ်မနေအခြေ အနေမို့ ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုနှစ် ၅ လပိုင်းမှာရွှေ့ပြောင်းတာ အိမ်ခြေ ၅၀ ၀န်းကျင်ရှိပါတယ်။ မနှစ်က တစ်ခါပြိုရင် လေးဧကလောက်ပြိုခဲ့ တဲ့အတွက် ဒီနှုန်းအတိုင်းဒီနှစ်ပြို မယ်ဆိုရင်မပြောင်းရသေးတဲ့ နေရာ တွေ တစ်ခါပြိုတာနဲ့ ပါသွားနိုင်ပါတယ်။ မနှစ်ကအတိုင်းပဲ ဒီနှစ်မှာ လည်း ကျောက်စုပ်နေပါတယ်။ ရေ လယ်သောင်ရွာတည့်တည့်မှာ ကျောက်စုပ်တဲ့မော်တော်အစီး ၅၀ လောက် ရှိပါတယ်။ သက်ဆိုင်ရာကပဲခူး တိုင်းဘက်မှာပဲ ခွင့်ပြုထားပေမယ့် ကျောက်စုပ်တဲ့ ဒိုင်တွေက ပဲခူးတိုင်းဘက်မှာ အယောင်ပြပြီး ဧရာဝတီ တိုင်းဘက်မှာလာပြီး စုပ်နေကြတာပါ။ မသိရင်မသိသလို ကမ်းပါးတွေ နားမှာပါကပ်ပြီး ကျောက်စုပ်တာ တွေရှိပါတယ်။ ကမ်းမပြိုပေမယ့် ကျောက်စုပ်မော်တော်တွေကြောင့် လုပ်ကိုင်စားသောက်တဲ့ မြေတွေပေါ် မှာ သဲတွေဖုံးတာတွေလည်းရှိတယ်” ဟု ဒေသခံတစ်ဦးကပြောပါသည်။
“ကျောက်တွေစုပ်တဲ့အတွက် ရေလမ်းကြောင်းက နွေတစ်မျိုး၊ မိုးတစ်မျိုးဖြစ်နေပါတယ်။ ကျွန်တော်တို့ရွာရှေ့က သောင်က ဒီနှစ်မှာ ဧက ၅၀၀ လောက် ကျယ်လာပါတယ်။ သောင်ထွန်းမှုတွေတ ဖြည်းဖြည်း ပိုပြီးဖြစ်လာတာကြောင့် ဒီနှစ်မှာ ကမ်းပြိုမယ့်အန္တရာယ်ကိုပိုပြီးစိုးရိမ် နေရပါတယ်။ တားမြစ်ထားတဲ့နေရာတွေမှာ ကျောက်စုပ်နေတာတွေကို သက်ဆိုင်ရာအနေနဲ့ စနစ်တကျ တားမြစ်ပေးစေချင်ပါတယ်”ဟု အဆိုပါ ဒေသခံကပင်ဆက်လက် ပြောကြားပါသည်။
“ဟင်္သာတမြို့နယ် အောက်ရွာလေး အဆုံးကနေ ရေလယ်သောင် (ဘိုလေးကျွန်း)အထိကို လုပ်ကွက် အမှတ် ၅ အဖြစ်သတ်မှတ်ပါတယ်။ မနှစ်က ကမ်းပြိုတာတွေဖြစ်ခဲ့တဲ့ အတွက် ဒီနှစ်လုပ်ကွက် ၅ ကို လုပ်ကိုင် ခွင့်မပြုပါဘူး။ ဧရာဝတီတိုင်းဒေသကြီးဘက်မှာ ကျောက်စုပ်ခွင့်ကို တားမြစ်ထားပြီး ပဲခူးတိုင်းဒေသကြီးဘက် မှာပဲ ခွင့်ပြုထားပါတယ်” ဟင်္သာတ ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဦးစီးမှူး ကပြောကြားပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။