မန္တလေးမြို့ဆက်သွယ်ရေးဋ္ဌာနတွင်
ကျပ်နှစ်သိန်းတန်ဖုန်းကဒ်များရောင်းချရာ၌ မည်သူမဆို လွတ်လပ်စွာဝယ်ယူ
ခွင့်ရှိသည်ဟု စာကပ်ထားသော်လည်း လက်တွေ့တွင် အခက်အခဲများ ရှိနေသေးကြောင်း
ကိုယ်တိုင်ကြုံတွေ့ခဲ့သူများထံက သိရှိရသည်။
လွတ်လပ်စွာဝယ်ယူနိုင်သည်ဟူသော ဆိုင်းဘုတ်အား တယ်လီဖုန်းရောင်းချရာအပေါက်တွင် ချိတ်ဆွဲထားပြီး လက်တွေ့တွင် အဆင်ပြေအောင် ရောင်းချပေးနိုင်မှု မရှိသေးခြင်းဖြစ်သည်။
“တစ်နေ့က ကျွန်တော်အဖေအတွက် ဖုန်းသွားဝယ်တာ ၊ အဖေကမအားလို့ အဖေ့မှတ်ပုံတင်တွေရော မိတ္တူတွေရာ အိမ်ထောင်စု ဇယားရော ဓါတ်ပုံရော အကုန်ယူသွားတယ် တန်းစီလိုက်ရတာ အကြာကြီး ကိုယ့်အလှည့်ရောက်တော့ ကာယကံရှင်မဟုတ်လို့ ၀ယ်မရဘူးပြောတယ် ၊ ဒါနဲ့ အပြင်ဆိုင်မှာငါးထောင်ပိုပေး ပြီးဝယ်လိုက်တယ်” ဟု မန္တလေးသား ကိုစဒစ်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေးတွင် ယခုလိုအဆင်မပြေမှုများရှိနေသည့်အပြင် အပြင်ကုမ္ပဏီများမှ ပေးသော အပိုဆောင်း ငွေများကိုလက်ခံပြီး ရာနှင့်ချီသော တယ်လီဖုန်းကဒ်များကို အင်တာနက်ဖွင့်ပေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း အမည်မဖေါ်လိုသူ ဆက်သွယ်ရေး ၀န်ထမ်းက ပြောပြသည်။
‘’မန္တလေးက နာမည်ကြီး တယ်လီဖုန်းဆိုင်ကြီးတွေက သူတို့ဆိုင်တွေက ရောင်းထားတဲ့ဖုန်းတွေ အင်တာနက်ဖွင့်ဖို့ တစ်လုံးကို တစ်ထောင်အပိုပေးပြီး ဖွင့်ခိုင်းကြတယ် ၊ အဲဒီပိုက်ဆံကို အင်တာနက် ဖွင့်တာလက်ခံတဲ့ ကောင်တာမှာ ထိုင်တဲ့ဝန်ထမ်းတွေက ခွဲယူတယ် ၊ အပြင်ဆိုင်တွေမှာ ဒီ ကျွန်တော် တို့ ဆက်သွယ်ရေးက ၀န်ထမ်းတွေ သူတို့နဲ့ပတ်သတ်တဲ့ အမျိုးတွေက ၀န်ထမ်းပြန် လုပ်နေတယ် ၊ တိတိကျကျပြောရရင် ဆက်သွယ်ရေး ကြေးနန်းဌာနက ၀န်ထမ်းတစ်ယောက် အပြန်ဖုန်းဆိုင်မှာ သွားပြီး အလုပ်လုပ်နေတယ် ၊ လစာလည်း နှစ်နေရာက ရသလို ကြားပွဲစားခလည်း မျိုးမျိုးမြတ်မြတ် စားနေတာ ´´ ဟု ၎င်းက ပြောပြသည်။
မန္တလေးမြို့တွင် နှစ်သိန်းတန်ဖုန်းကဒ်များအား အင်တာနက်သုံးခွင့်ချထားပေးခြင်း အပေါ်တွင် လူစိတ်ပါဝင်စားမှုများပြီး လာရောက် လျှောက်ထားသူများနှင့် နေ့စဉ်နှင့်အမျှ စည်ကားလျက် ရှိကြောင်း သိရသည်။
‘’မနက်ရုံးမဖွင့်ကတည်းက သမီးလာတန်းစီနေတာ ၊ ခုလို ကိုယ့်ဖုန်းနဲ့ကိုယ် အင်တာနက်သုံးလို့ ရပြီဆိုတော့ ကုန်ကျစရိတ်လည်း သက်သာတယ် ၊ ကိုယ့်အိမ်ကနေပဲ သုံးဖြစ်တော့မယ်” ဟု ကျောင်းသူမမီးမီးက ပြောသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။